စစ်ပြေးဒုက္ခသည်များသတင်း

ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ

စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။

ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။

ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာလို့ပြောပါတယ်။

ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။

တစ်ဖက်မှာ ကောလင်းဒေသခံတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီနဲ့လွှတ်ကင်းတဲ့နေရာတွေဆီ တိမ်းရှောင်ရတာဖြစ်တဲ့အတွက် ချောင်ကျတဲ့နေရာတွေကိုတိမ်းရှောင်ကြတဲ့ဒေသခံတွေဆိုရင် အကူအညီ မရတာမျိုးတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကအခုလိုပြောပါတယ်။

ကျမတို့ပြေးတဲ့နေရာကျတော့ ချောင်လည်းကျတယ်။ ကျမတို့ဘက်မှာ ဆန်တော့တစ်ခေါက် ရဖူးပါ တယ်။ တော်တော်လေးအဆင်မပြေတဲ့မိသားစုတွေရှိတယ်။ ကျမတို့လည်းပါလာတဲ့ပစ္စည်းတွေကို ဝေငှရင်းနဲ့ မမျှ နိုင်တော့ဘူး ကိုယ့်ဟာကိုယ်အနိုင်နိုင်ပေါ့။ တစ်ခြားဘက်မှာလည်းလာလှူပေမယ့် ကျမတို့ဘက်မှာကျတော့ ချောင်လည်းကျတယ် လမ်းမကောင်းတော့မရောက်ရှိသေးတာပေါ့နော်လို့ပြောပါတယ်။

ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ပထမအပတ်လောက်က KIA နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ကာ  လကြာထိန်းချုပ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဆီ ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီလို လက်လွှတ်ခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကောလင်းမြို့တွင်းရပ်ကွက်နဲ့ ရွာတစ်ချို့က ကနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေဒုနဲ့ဒေးဘေးလွှတ်ရာထွက်ပြေးခဲ့ ကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

လက်ရှိ ကောလင်းမြို့နယ်မှာ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ လူဦးရေ  သောင်း ဝန်းကျင်လောက်ရှိပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ ဘေးလွှတ်ရာထွက်ပြေးနေရတဲ့ လူဦးရေ သုံးသန်းကျော်ရှိနေပြီလို့ဖော်ပြထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button