လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးထိလို့ အင်းတော် နားခါးရွာသားတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် နားခါးကျေးရွာသားတစ်ဦး ကျည်စထိမှန်သေဆုံးခဲ့ကြောင်းသိရပါတယ်။

အင်းတော်မြို့အပြင်ဘက် နဘားလမ်းဆုံအနီး(ဒေသအခေါ် ) ဂျပန်လိုင်ဂူထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မနေ့က ဇွန်လ ၂၄ ရက်နေ့ ည ၉နာရီအချိန်မှာ နားခါးကျေးရွာဘက်ကို လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် နားခါးရွာသားတစ်ဦးလက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း အင်းတော်မြို့နေအမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့က ညတွင်းကြီးမှာ ၆၀ မမတွေနဲ့လှမ်းထုနေတာဟုတ်တယ် သုံး၊လေးလုံးလောက် ထုတယ် တစ်လုံးက နားခါးဘုန်းကြီးကျောင်းနားက လူရှိတဲ့အိမ်ကိုကျတာ အဲ့မှာအဖိုးကြီးတစ်ယောက်ထိသွားတာ ပွဲချင်းပြီးတော့မသေဘူးနောက်နေ့မှသေ သွားတာလို့သူကပြောပါတယ်။

သေဆုံးသူဟာ နားခါးရွာခံ ဦးစိုးနိုင် အသက် ၆၀ ဆိုသူဖြစ်ပြီး လက်နက်ကြီးထိမှန်ထားတဲ့ ပြင်းထန်ဒဏ်ရာကြောင့် ဒီကနေ့မနက် သုံးနာရီအချိန်မှာသေဆုံးသွားတယ်လို့သိရပါတယ်။

နားခါးကျေးရွာဟာ အင်းတော်မြို့ရဲ့တောင်ဘက် ၂ မိုင်ခန့်အကွာမှာ တည်ရှိတာဖြစ်ပြီး ဒီရက်ပိုင်းစစ်ရေးတင်းမာနေတာကြောင့် အခုလို အင်းတော်မြို့ပတ်ပတ်လည်ကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်က နန့်သာဝင်တိုက်ခံရတော့အဲ့နောက်ပိုင်းမထင်ရင်မထင်သလိုရမ်းပစ်နေတာ။  မနက်ကလည်း နန့်သာဘက်ကိုစစ်ကူလာတဲ့အဖွဲ့က သက္ကယ်ကျင်းနားမှာ ကြားဖြတ်တိုက်ခိုက်ခံလိုက်ရသေးတယ်လို့ အင်းတော်PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အင်းတော်မြို့ရဲ့ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ နန့်သာကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီစစ်သားတွေကို တော်လှန်ရေးအင်အားစုတွေက ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီတပ်က အင်းတော်နယ်အတွင်းစစ်ရေးလှုပ်ရှားလာတာ လက်နက်ကြီးပစ်ခတ်တာတွေပိုလုပ်လာနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဇွန်လ ၂၂ ရက်နေ့က နန့်သာကျေးရွာဘုန်ကြီးကျောင်းမှာတပ်စွဲထားတဲ့စစ်ကောင်စီစစ်သားတွေတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဟာ နန့်သာဘုန်းကြီးကျောင်းကိုလေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းထဲက စစ်ကောင်စီစစ်သားတွေလူသားဒိုင်းအဖြစ်ခေါ်ဆောင်ထားတဲ့အရပ်သား ၅၀ ဝန်းကျင်ထဲက ၁၇ ဦးသေဆုံးခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button