သတင်း

မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း မြေပြိုကျတဲ့နေရာများတဲ့အတွက် ပုံမှန်တိုင်းသွားလာနိုင်ဖို့လချီကျန့်ကြာနိုင်

မြစ်ကြီးနားပူတာအို ကားလမ်းပိုင်း နေရာ ၃ ခုမှာ ကားလမ်းပိုင်းမြေပြိုကျပျက်စီးနေတဲ့အတွက်  ပုံမှန်အတိုင်းသွားလာနိုင်ဖို့ လချီကြာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပူတာအိုမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က‌နေမိုးသည်းထန်ရွာသွန်းမှုကြောင့် မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ့် တက်တဲ့လမ်းပေါ်က တယန်ဇွပ်(Ta Yang Zup)၊ အင်ထန်းဇွပ်(N-htan Zup) ၊ လရန့်ဘွမ်ရွန်း(Layen Bum Run) စတဲ့ ကျေးရွာတွေမှာ ပေ ၂၀၀ ဝန်းကျင်အထိ ရှည်လျှားပြီး လမ်းပျက်စီးနေတာဖြစ်ပါတယ်။

မြစ်ကြီးနားပူတာအိုကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေမှာ အမြန်ဆုံး ပြုပြင်ပေးဖို့ လိုအပ်နေပြီး ကုန်ကားနဲ့ ခရီးသွားပြည်သူတွေ ကောင်းမွန်စွာ ပြန်လည်သွားလာနိုင်ဖို့ရန်အတွက် လချီစောင့်ဆိုင်းရမယ့် အခြေအနေဖြစ်သွားပြီလို့ အင်ထန်းဇွပ် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အခုလမ်းပျက်စီးနေတဲ့ နေရာတွေကို တာဝန်ရှိတဲ့ ဘယ်အစိုးရမဆို အမြန်ဆုံးလုပ်ပေးရင်တော့ အချိန်တိုအတွင်းနဲ့ အမြန်ဆုံးပြန်သွားနိုင်မယ်လို့ထင်ပါတယ်။ ဒါမှမဟုတ် မိုးတွေလည်း ဆက်ရွာ ပြီးရင် အမြန်မလုပ်ပေးဘူး ဆိုရင်တော့ လကြာ သွားလာဖို့ခက်ခဲသွားမယ်။ လမ်းတွေပြန်ကောင်းလာဖို့က အချိန်အကြာကြီးစောင့်ရမယ့် အနေအထားမှာရှိတယ်လို့ပြောပါတယ်။

လက်ရှိ ကားလမ်းပိုင်းမြေပြိုကျပြီး လမ်းပျက်စီးနေတဲ့ နေရာတွေက မြစ်ကြီးနားမြို့နယ်ဘက်ခြမ်း ဖုန်အိန်ချောင်းကူးတံတားကနေ တယန်ဇွပ်ကျေးရွာအထိအဆိုးဆုံးဖြစ်ပြီး အထက်ပိုင်းဖြစ်တဲ့ ဆွမ်ပရာဘွမ့်နဲ့ ပူတာအို တက်တဲ့ လမ်းပိုင်းမှာလည်း ပျက်စီးတာတွေရှိနေတယ်လို့ သိရပါတယ်။

ခရီးသွားပြည်သူတွေဟာ ကား၊ ဆိုင်ကယ်တွေနဲ့ သွားလာလို့မရတာကြောင့် လမ်းပျက်စီးနေတဲ့ နေရာကိုရှောင်ပြီး ရေလမ်းကြောင်းအပြင် ခြေကျင်နဲ့ တစ်ဆင့်ပြီး တစ်ဆင့်ခက်ခက်ခဲခဲသွားလာနေရတယ်လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်ဘက်ခြမ်း လမ်းပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တဲ့တစ်ကြောမှာ တယန်ဇွပ်ကျေးရွာက အဆိုးရွာဆုံးဖြစ်ပြီးတော့ အဲဒီလမ်းပြိုကျပျက်စီးသွားတဲ့အထဲမှာ ခန့်မှန်းခြေ လူနေအိမ် ၂၀ ဝန်းကျင်လောက်လည်း ပါသွားတယ်လို့ သိရပါတယ်။

ကားလမ်းပိုင်းမြေပြိုကျ ပျက်စီးမှုဖြစ်တဲ့ တယန်ဇွပ်၊ အင်းထန်းဇွပ်၊ လရန့်ဘွမ်ရွန်း စတဲ့ ကျေးရွာတွေဟာ မလိခမြစ်ချောင်းနဘေး ကားလမ်းမကြီး ပတ်ပတ်လည်မှာတည်ရှိတဲ့ ကျေးရွာတွေဖြစ်တာကြောင့် ကမ်းပါးရေတိုက်စားမှုဖြစ်ပြီး နေအိမ်တွေပါ ပြိုကျပျက်စီးတာကြုံတွေ့နေရတာဖြစ်ပါတယ်။

လက်ရှိ မြစ်ကြီးနားပူတာအို ကားလမ်းပိုင်းပျက်စီးနေတာနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ လမ်းပျက်စီးနေတဲ့ အခြေအနေကို လှည့်ပတ်ကြည့်ရှု့ခဲ့တဲ့ နောက်ထပ် ကချင်ပြည်သူတစ်ဦးလည်း အခုလိုပြောပြလာပါတယ်။

မြစ်ကြီးနား ပူတာအို လမ်းက လက်ရှိအခြေအနေက လမ်းတွေပျက်စီးနေလို့ သွားလာဖို့ ခက်ခဲနေတဲ့ အခြေအနေဖြစ်ပါတယ်။ မလိခချောင်းနဘေးက ကားလမ်းပိုင်းတစ်ကြောက ပါသွားတယ်။ အဲကြောင့် ကား၊ ဆိုင်ကယ် ဘာနဲ့မှ ဖြတ်လို့မရဘူးတော့ဘူး။ လမ်းပိုင်းပျက်စီးနေတာက ဒီကြောထဲပဲမဟုတ်ဘူး ပူတာအိုဘက်ခြမ်း လုံရှာယန်၊ တန်ဂျာ၊ ဖုန်ကျန်း ဒီရွာတွေမှာရှိတဲ့ လမ်းတံတားတွေလည်းအကုန်ပါသွားတယ်လို့လည်းသိရတယ်လို့ပြောပါတယ်။

မြစ်ကြီးနားပူတာအို ကားလမ်းပိုင်း ပျက်စီးနေတဲ့အခြေအနေမှာ မြစ်ကြီးနားမြို့နယ်ခြမ်းဘက်တင်မဟုတ်ဘဲ အထက်ပိုင်းဖြစ်တဲ့ ဆွမ်ပရာဘွမ့်နဲ့ ပူတာအို မြို့နယ်တစ်ကြောဘက်အထိလည်း လမ်းပိုင်းပျက်စီးနေတယ်လို့ သူကပြောပါတယ်။

ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားတဲ့ လမ်းနေရာတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်ကနေ မြစ်ကြီးနားမြို့နယ် တယန်ဇွပ်အထိ ကတ္တရာလမ်းအဖြစ်ဆောက်လုပ်ထားပြီး ဆွမ်ပရာဘွမ့်အထက်ဘက်ခြမ်းက ကွန်ကရက်လမ်း ၂ ပိုင်းနဲ့ ဆောက်လုပ်ထားတာဖြစ်ပါတယ်။

အခုလို လမ်းပြုပြင်ဆောက်လုပ်ထားပြီး ၆ နှစ်အတွင်းလောက်မှာပဲ ကတ္တရာလမ်းနဲ့ ကွန်ကရက်လမ်းခင်းထားတဲ့ လမ်းနေရာတွေမှာ ရေတိုက်စားမှုဖြစ်ပြီးတော့ ကားလမ်းပိုင်းပျက်စီးတာ ကြုံတွေ့လာရတာလည်းဖြစ်ပါတယ်။

ဆွမ်ပရာဘွမ့်နဲ့ ပူတာအို ဒေသဘက်မှာ ပြီးခဲ့တဲ့ မတ်လကနေ မေလအထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် သုံးလဝန်းကျင်လောက် မြစ်ကြီးနားပူတာအိုကားလမ်းပိုင်းကို နှစ်ဖက်စစ်တပ်က လမ်းပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

အဲဒီလို လမ်းပိတ်ဆို့လိုက်တာကြောင့် ဆွမ်ပရာဘွမ့်ဒေသခံတွေနဲ့ ပူတာအိုဒေသခံ ပြည်သူတွေက စက်သုံးဆီအပါ စားသောက်ကုန်တွေ ပြတ်လပ်သွားတာကြောင့် ကုန်စျေးနှုန်းအဆမတန်မြင့်တက်တဲ့ အခက်အခဲကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဇွန်လထဲမှာ စစ်တပ်နဲ့ KIA တပ်တွေရဲ့ ညှိနှိုင်းမှုနဲ့ ကုန်ကားတွေ အကန့်အသတ်နဲ့ တင်သွင်းခွင့်ရခဲ့ပြီး တစ်လောက်အကြာမှာ အခုလို ရေကြီးရေလျှံဖြစ်ပြီး ကားလမ်းပိုင်းပျက်စီးသွားတာကြောင့် ကုန်ကားတွေ ပြန်တက်လို့မရတော့တဲ့ အခက်အခဲကို ထပ်မံကြုံတွေ့လာရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ် ၃၀ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ တစ်ပတ်လောက်အကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ မိုးကောင်းနဲ့ တနိုင်း စတဲ့မြို့နယ်အသီးသီးမှာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့တဲ့ပြည်သူတွေ ထောင် သောင်းချီရှိခဲ့တာဖြစ်ပါတယ်။

ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ မြို့နယ်တိုင်းမှာ အကူအညီတွေ ဆက်တိုက်လိုအပ်နေပြီး ရေပြန်ကျသွားတဲ့ နေရာဒေသ အသီးသီမှာလည်း ပြန်လည်ထူထောင်ရေးအတွက် လူမှုကူညီရေးတွေ လိုအပ်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button