ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးခင်းအားလုံး ကြွက်ဝင်ရောက်ဖျက်ဆီး
ဗန်းမော်ခရိုင် မံစီမြို့နယ် ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးနဲ့ကောက်ပဲသီးနှံစိုက်ခင်းအားလုံး ကြွက်ဘေးဒဏ်ကျရောက်လို့ ပျက်စီးသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘွမ်အောင်ရွာမှာ အိမ်ထောင်စု ၃၈ စုရှိပြီး အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ယာစပါးနဲ့ကောက်ပဲသီးနှံကို အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။
သို့သော် ဒီနှစ်ရဲ့တောင်ယာစပါးခင်းနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေမှာ ကြွက်ဘေးဒဏ်ဆိုးဆိုးဝါးဝါးကျရောက်နေတဲ့အတွက် ဒေသခံပြည်သူတွေ လာမယ့်နှစ်အငတ်ဘေးဆိုက်မယ့်အခြေနေမှာ ရှိနေတယ်လို့ ဘွမ်အောင်နန်ရွာဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။
“တစ်နှစ်စာ စားဖို့အတွက် ဒီလိုဘဲစိုက်ပျိူးကျတော့ ဒီနှစ်ပုံစံနဲ့ဆို နောက်နှစ်စားမယ့် ဆန်မရှိတော့ဘူး၊ ဟိုးအရင်တွေတုန်းက ဒီလိုဖြစ်တဲ့ နှစ်တွေဆို ပိန်းဥတွေ တူးစားပြီး အာဟာရပြတ်လတ်အသက်ဆုံးရှုံးဒါတွေ ကိုယ်တိုင်မြင်ခဲ့ဖူးတယ်၊ ဒီနှစ်တောင်ယာတော့ အကုန်လုံးရဲ့ဟာပါသွားတော့ စိတ်ညစ်တယ်” လို့ ပြောပါတယ်။
ဘွမ်အောင်နန်ပြည်သူတွေဟာ တစ်နှစ်စာအတွက် မိုးစပါးတောင်ယာစိုက်ခင်းတွေကို လုပ်ကိုင်ကြပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကချင်အခေါ်ဝေါ် (Yu Lii Hku )( ကြွက်ဘေးဒဏ်ကျရောက်ခဲ့တာကြောင့် သစ်ဥ၊သစ်ဖုတွေ၊ ပိန်းဥတွေသာ တူးစားကြရပြီး အာဟာရပြတ်လို့ အသက်ဆုံးရှုံးတဲ့အထိကြုံတွေ့ခဲဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနှစ်မှာလည်း စပါးခင်းတွေအားလုံးဖျက်ဆီးခံလိုက်ရတဲ့အပြင် ကုန်စျေးနှုန်းအခြေနေနဲ့လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ပြည်သူတွေဟာအဖက်ဖက်ကနေ ဒုက္ခရောက်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဗန်းမော်၊ မံစီမြို့နယ်ကနေ မိုင် ၃၀ အကွာမှာရှိတဲ့ ဘွမ်အောင်နန်ရွာဟာ ပြီးခဲ့တဲ့နှစ် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေရဲ့တိုက်ပွဲကြောင့် လချီတောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာကနေ ဒီနှစ်ဖေဖော်ဝါရီလထဲမှာနေရပ်ပြန်ပြီး ပြနလည်ထူထောင်ရေးစတင်နေတဲ့ရွာဖြစ်ပြီး ပြန်လည်ထူထောင်ရေးစတင်နေတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ တစ်ဖက်မှာလည်း ဘွမ်အောင်နန်ရွာမှာ တစ်ခြားဒေသက အိမ်ထောင်စု ၄၀ ကျော်ခန့်လည်း လာရောက်စစ်ရှောင်နေတာတွေရှိတယ်လို့ သိရပါတယ်။
လက်ရှိ ပြန်လည်ထူထောင်ရေးကာလဖြစ်တဲ့အပြင် တစ်ခြားစစ်ရှောင်တွေလည်းရှိတဲ့အတွက် အစားအသောက်နဲ့ ငွေရေးကြေးရေးအခက်ခဲရှိနေတဲ့အပြင် စာမသင်ကြားနိုင်တဲ့ ကလေးသူငယ်တွေလည်းများစွာရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ဥိီးက ခုလိုပြောပါတယ်။
“စစ်ရှောင်တွေလည်းရှိတော့ ကျွန်တော်တို့ ရွာသားတွေ ပိုတောင်စိတ်ပူမိတယ်၊ တစ်ချိူ့ပညာသင်ကြားရမယ့် ကလေးတွေတောင် ကျောင်းတက်ဖို့ အခက်အခဲတွေကြောင့် ကျောင်းမတက်နိုင်တဲ့ အခြေအနေတွေလည်း ရှိနေဆဲဖြစ်တယ်” ဟုလည်းပြောပြထားတယ်။
ကချင်ပြည်နယ်ဟာ မြို့ဧရိယာထက် ကျေးလက်၊တောတောင်ဧရိယာအများဆုံးဖြစ်ပြီဒ ၁၉၇၂ မှ ၁၉၈၃ အထိ ကချင်တောင်ပေါ်ဒေသတွေဖြစ်တဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန့်ယန်၊ မချမ်းဘော့ နှင့် နောင်မွန်မြို့နယ်တွေမှာ ကြွက်ဘေးဒဏ်ကြောင့် ဒေသခံများစိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံနဲ့ အစားအသောက်များ ဖျက်ဆီးခံလိုက်ရတဲ့ဖြစ်စဉ်ရှိပြီး အဲဒီကာလတွေမှာလည်း အငတ်ဘေးကြောင့် ပြည်သူသေဆုံးမှုများရှိခဲ့တဲ့အတွက် ကျေးရွာအများအပြား ပျောက်ကွယ်သွားခဲ့တဲ့ဖြစ်စဉ်တွေလည်းများစွာရှိခဲ့ပါတယ်။
အလားတူ မိုးမောက်၊မံစီမြို့နယ်တွေမှာလည်း တောင်ယာစပါးခင်းတွေ ခုနောက်ပိုင်းကြွက်ဘေးဒဏ်ပိုပြီး ဆိုးရွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
By – CJ