သတင်း

ဗန်းမော်မြို့ ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်မရှိလို့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူများ ဆေးရုံပြဖို့အခက်ကြုံနေ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာရှိတဲ့ ပြည်သူ့ဆေးရုံနဲ့ အပြင် ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူတွေ ဆေးရုံပြဖို့အခက်ခဲကြုံနေကြတယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။

ဗန်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြို့တွင်း ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကလေးခွဲမွေးဖို့လိုအပ်တဲ့ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်တဲ့လူနာတွေ၊နာမကျန်းဖြစ်သူတွေ ဆေးရုံ၊ဆေးခန်းပြဖို့ ခက်ခဲနေကြပြီး အသက်သေဆုံးတဲ့ကလေးတွေရှိနေတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက  KNG ကို ခုလိုပြောပါတယ်။

“ကျမမျက်စိရှေ့မှာဘဲ အပြင်ဆေးရုံတစ်ခုမှာ ကလေးခွဲမမွေးနိုင်ဖို့ အရေးပေါ်ခွဲမွေးရမယ့် ကိုယ်ဝန်ဆောင်တစ်ယောက် အမြန်မခွဲနိုင်တော့ ကလေးကရေမွှာမွန်းပြီးသေသွားတယ် ဆရာဝန်တွေက မရှိကြတော့ အရေးပေါ်ခွဲရမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ဆေးရုံရက်ချိန်းလူနာတွေအရမ်းဒုက္ခရောက်နေကြတယ်”လို့ပြောပါတယ်။

ဒေသခံတွေပြောဆိုချက်အရ ဗန်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ အပြင် ပုဂ္ဂလိကဆေးရုံအားလုံးနီးပါးမှာ ဗန်းမော် ၄ မိုင် စစ်ဆေးရုံကနေ လာရောက်တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်တွေများတယ်လို့ ဆိုပါတယ်။

သို့သော် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း CDM လုပ်သွားတဲ့ ဆရာဝန်တွေရှိသလို Non CDM ဆရာဝန်အများပိုင်းက KIA ပူးပေါင်းတပ်တွေ စစ်ဆင်ရေးစတင်လာတဲ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ထွက်ပြေးတိမ်းရှောင်သွားသူတွေရှိတယ်လို့ သိရပြီး ကျန်တဲ့ဆရာဝန်တွေကလည်း စစ်ဆေးရုံကနေထွက်ခွင့်မရတော့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ခုနောက်ပိုင်းက စစ်တပ်ထဲက ဆေးရုံမှာလည်း တိုက်ပွဲမှာဒဏ်ရာရတဲ့ရဲဘော် ခြေပြတ် လက်ပြတ်တာတွေ အပြတ်တွေများလာတော့ သူတို့ဆေးရုံထဲမှာလည်း ဆရာဝန်တွေက အချိန်ပြည့်လိုနေတော့ အပြင်ကိုပေးမထွက်တော့တာဟုတ်တယ်။ အဲကြောင့် အပြင်ဆေးရုံတွေမှာသွားပြလည်း ဆရာဝန်မရှိဘူးဘဲပြောနေကြတာ”လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

မတ်လအတွင်း စစ်ဆေးရုံကနေ ဗန်းမော်ပြည်သူ့ဆေးရုံမှာတာဝန်ကျနေချိန် ထွက်ပြေးသွားတဲ့ Non CDM ဆရာဝန်တွေဟာ၊ ဒေါက်တာဖြိုးဟန်ဦး (ဓာတ်မှန်အထူးကု)၊ ဒေါက်တာအေးမြသီတာအောင် (ကလေးအထူးကု)၊ဒေါက်တာမင်းအောင်ခန့် (အထွေထွေသမားတော်)၊ ဒေါက်တာမင်းမော်ကို (မေ့ဆေးအထူးကု)၊ဒေါက်တာဝါဝါမင်း (နားနှာခေါင်းလည်ချောင်းအထူးကု)တွေဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိ ဗန်းမော်မြို့ ဆေးရုံကြီးမှာ သူနာပြုဆရာမ ၅ ဦးခန့်သာရှိတော့တာဖြစ်ပြီး  အပြင် ပုဂ္ဂလိကဆေးရုံမှာတော့ ဒေါက်တာစစ်ရန်နိုင်( သားဖွား/မီးယပ်အထူးကု ဆရာဝန်- OG ) တစ်ဦးသာ ရံဖန်ရံခါရောက်လာတတ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ဆေးရုံမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးလည်းမရှိတဲ့အပြင် ဆေးဝါးတွေလည်း ပြတ်လပ်နေသလို မြို့တွင်း ဆေးခန်း၊ဆေးဆိုင်တွေမှာလည်း ဆေးအများပိုင်းပြတ်လပ်နေတယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ခရိုင်တစ်ခုလုံးနီးပါး စစ်ရေးတင်းမာ၊တိုက်ပွဲအပြင်းထန်ဆုံး ခရိုင်တစ်ခုဖြစ်သလို လက်ရှိချိန်ထိလည်း ဗန်းမော်မြို့နဲ့ ၅ မိုင်အကွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်တိုက်ပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။

မြို့အနီးဝန်းကျင်တိုက်ပွဲပြင်းထန်နေတဲ့အပြင် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်တာ၊ အခြေခံစားသောက်ကုန်ဝင်ရောက်တဲ့လမ်းကြောင်း အားလုံးနီးပါး စစ်ရေးအခြေနေကြောင့် သွားလာလို့မရတဲ့အတွက် မြို့နေပြည်သူတွေဟာ အဖက်ဖက်ကနေ  ခက်ခဲ၊ ကြပ်တည်းနေကြတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button