သတင်း

ပူတာအိုမှာ  CB ဘဏ်မဖွင့်သေးတဲ့အတွက် ပြည်သူတွေ ငွေသွင်းငွေထုတ်အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့မှာတစ်ခုတည်းရှိတဲ့ CB ဘဏ်ပြန်မဖွင့်သေးတဲ့အတွက် ဒေသခံပြည်သူတွေ ငွေထုတ်ငွေသွင်းအခက်အခဲဖြစ်နေတယ်လို့ ပူတာအိုမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။

အင်တာနက်လိုင်းအခက်အခဲကြောင့် ဘဏ်မှာငွေသားမလုံလောက်တာလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မေလ ၁၀ရက်ကျော်ကတည်းက ပိတ်ထားတဲ့ CB ဘဏ်ဟာ ဒီနေ့အထိပြန်လည်ဖွင့်လှစ်တာမျိုးမရှိတဲ့အတွက် ဒေသခံတွေငွေသွင်းငွေထုတ်အခက်အခဲ ဖြစ်နေတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ဘဏ်က မေလ ၁၀ ရက် ၊၁၅ ရက်လောက်ကတည်းကပိတ်သွားတာလေ ခုထိမဖွင့်သေးဘူး လွှဲလို့လည်းမရ ထုတ်လို့လည်းမရဘူး တချို့လူတွေဆိုဘဏ်မှာအပ်ငွေရှိတယ်ထုတ်မရဘူးလို့ သူကပြောပါတယ်။

လက်ရှိ ပူတာအိုဒေသမှာ ငွေလွှဲနဲ့ငွေထုတ်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်ကို အားထားနေရပေမယ့် မြန်မာ့စီးပွားရေးဘဏ်မှာလည်း အကန့်အသတ်နဲ့ထုတ်ပေးနေတဲ့အတွက် အခက်အခဲဖြစ်နေတာလို့  ကောင်အထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

စီးပွားရေးဘဏ်ကတော့ဖွင့်တယ်ငွေသွင်းတာနဲ့ လွှဲတာတော့နည်းနည်းအဆင်ပြေတယ် ဒါပေမယ့် ငွေထုတ်ဖို့အဆင်မပြေဘူး လူတစ်ယောက်ကို တစ်ပတ်  သိန်းပဲထုတ်ပေးတယ်။ ဆယ်သိန်းထုတ်မယ်ဆိုရင် ငါးလ လောက်စောင့်ပြီးထုတ်နေရမှာအဆင်မပြေဘူးလို့ ပြောပါတယ်။

ပူတာအိုဒေသထဲက မိသားစုအများပိုင်းဟာ ထိုင်း၊မလေးရှား၊စင်္ကာပူ၊အိုမန်စတဲ့ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မိသားစုဝင်တွေရဲ့ ပြည်ပလွှဲငွေကို အားကိုးနေရတဲ့မိသားစုတွေများတယ်လို့ သိရပါတယ်။

ရပ်ကွက်တစ်ခုမှာအိမ်ခြေ ၅၀ လောက်ရှိရင် အိမ်ခြေ ၃၀ လောက်က ပြည်ပမှာ အလုပ်လုပ်တဲ့လူရှိတယ် တချို့ဆိုတစ်အိမ်ထဲကနေ သုံးလေးယောက်ထိသွားကြတာ တခြားစီးပွားရေးလည်းမရှိဘူးလေဒီဘက်မှာက လကုန်လို့သူတို့လွှဲလာတဲ့ပိုက်ဆံနဲ့ပဲ အားလုံးဖြေရှင်းနေရတာအခုငွေထုတ်မရလို့ဆိုပြီးခက်ခဲ နေတဲ့လူတွေအများကြီးရှိတယ်လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။

လတ်တလော ပူတာအိုဒေသခံတွေဟာ ငွေလွှဲငွေထုတ်အတွက် Kpay ဆိုင်တွေကိုအားကိုးနေရပေမယ့် Kpay ဆိုင်တွေမှာလည်း ထုတ်ခ ကျပ်တစ်သိန်းကို ကျပ် သုံးထောင်ကနေ ကျပ် ၅ထောင်အထိ ပေးဆောင်နေရတဲ့အပြင် ငွေသား အကန့်အသတ်နဲ့သာထုတ်လို့ရတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်ကျော်ကတည်းကနေကချင်တစ်ပြည်နယ်ဖုန်းဆက်သွယ်ရေးလိုင်း၊ဖုန်းအင်တာနက်လိုင်းနဲ့ wifi အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာဖြစ်ပြီး လတ်တလောပူတာအိုမြို့နယ်ထဲက Atom ဖုန်းလိုင်းတစ်ခုတည်းနဲ့သာဆက်သွယ်လို့ရတာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button