ဖားကန့် အထက်တန်းကျောင်းနီး လက်နက်ကြီးကျပေါက်ကွဲပြီး ဆိုင်ကယ် ကယ်ရီသမားတစ်ဦးလက်နက်ကျည်ထိမှန်
ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းစာသင်ကျောင်းအနီး လက်နက်ကြီးကျပေါက်ကွဲလို့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဆောင်အနည်းငယ်ထိမှန်ပျက်စီးထားတယ်လို့ ဖားကန့်မြို့ ပြည်သူတွေက ပြောပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် ၆၀ မမ လက်နက်ကြီး ၂ လုံးကျပေါက်ကွဲတာဖြစ်တယ်လို့ ဖားကန့်မြို့ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။
“ဟုတ်တယ် တစ်ယောက် ဒဏ်ရာရတာမြင်တယ် ကယ်ရီသမားဟုတ်တယ်လို့ ပြောတယ် နာမည်တွေတော့ အတိအကျမသိရဘူးဗျ ဆေးရုံပို့လိုက်ကြပြလို့ပြောတယ်။ အဲစာသင်ကျောင်းက ဗျူဟာကုန်းနားမှာရှိတာဟုတ်တယ်”လို့ ပြောပါတယ်။
လက်နက်ကြီးကျည်ထိမှန်သူဟာ မည်သူမည်ဝါဆိုတာအသေးစိတ်မသိရသေးဘူးလို့ သိရပြီး ကျောင်းသား၊သူတွေက နေအိမ်ပြန်သွားကြပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဖားကန့်မြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ဖားကန့်မြို့ မရှိီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးမှာရှိတဲ့ ကုန်းနေရာမှာစစ်တပ်က တပ်စွဲနေရာယူလာတာကြောင့် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။
စစ်ရေးအခြေနေကြောင့် မရှိီကထောင်ရပ်ကွက်၊အောင်မြေကွက်သစ်ရပ်ကွက် ပြည်သူတွေ ဖားကန့်မြို့ပေါ်စစ်ရှောင်နေကြသလို စက်တင်ဘာလ ၅ ရက်နေ့ကစလို့ ယူမာရွာကိုလည်း ထပ်ပြီးစစ်ရှောင်ခိုင်းနေတယ်လို့ သတင်းတွေထွက်နေပါတယ်။
“ယူမာရွာကိုလည်း လက်နက်ကြီးတွေထိမှာစိုးလို့ ရှောင်ခိုင်းနေတယ်လို့ ပြောတယ်။ ရှောင်တဲ့သူတွေကလည်း ရှောင်နေကြပြီ အများပိုင်းရှောင်နေကြတယ်”လို့ နောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၅ ရက်ည ဖားကန့်မြို့တွင်း KIA ပူးပေါင်းတပ်တွေရဲ့ဒရုန်းပျံဝဲလာတာကြောင့် စစ်တပ်ဘက်က ဒရုန်းကိုလိုက်လံပစ်ခတ်တာတွေလုပ်နေပြီး ဒီမနက်ထိပစ်ခတ်တာတွေ ရှိနေတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။
ဒါကြောင့် ဒီမနက် အထက်တန်းကျောင်းအနီးကျပေါက်ကွဲတဲ့ လက်နက်ကြီးဟာ ဘယ်အဖွဲ့ကပစ်ခတ်တဲ့လက်နက်ကြီးလဲဆိုတာပြောဖို့ခက်တယ်လို့ ပြည်သူတွေကပြောပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာ လဆန်းမှာတော့ နှစ်ဖက်ပစ်ခတ်မှုခပ်စိပ်စိပ်ဖြစ်နေပါတယ်။
၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာကြောင့် လက်နက်ကြီးထိမှန်သူတွေရဲ့ အချက်လက်အသေးစိတ်သိရှိဖို့လည်း ခက်ခဲနေပါတယ်။
By – Zami