သတင်း

စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တစ်ချို့ စျေးနှုန်းအနည်းငယ်ကျဆင်း

ကံပိုက်တည်မြို့ကနေ စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်တစ်ချို့ တင်သွင်းခွင့်ရနေတဲ့အတွက် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေမှာ ကုန်စျေးနှုန်းအနည်းငယ် ကျဆင်းလာနေတယ်လို့ စျေးသည်နဲ့ ကားသမားတွေဆီကနေ သိရပါတယ်။

အရင်က မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ကြက်ဥ ၁ လုံးကို ကျပ်တစ်ထောင်ငါးရာ (၁၅၀၀)ကျပ်ကနေ လက်ရှိ ရှစ်ရာ (၈၀၀)ကျပ်၊ ခရမ်းချဉ်သီး ၁ ပိဿာ ကျပ်တစ်သောင်းခွဲ (၁၅၀၀၀) ကနေ ကျပ် ရှစ်ထောင် (၈၀၀၀)၊ ကြက်သွန်ဖြူ ၁ ပိဿာ နှစ်သောင်းနှစ်ထောင် (၂၂၀၀၀) ကျပ်ကနေ တစ်သောင်းရှစ်ထောင်(၁၈၀၀၀)ကျပ်၊ စက်သုံးဆီ ၁ ဂါလံ သုံးသောင်း (၃၀၀၀၀) ကျပ်ကနေ နှစ်သောင်းခွဲ (၂၅၀၀၀) ဝန်းကျင်ထိ စျေးကျသွားတယ်လို့ မြစ်ကြီးနားမြို့ စျေးသည်တွေက ပြောပါတယ်။

“နည်းနည်းတော့ကျသွားပြီ ကြက်ဥတွေ၊ ခရမ်းချဉ်သီးတွေဝင်တာလေ အဓိက မဝင်တာတွေက ကုန်စိမ်းတွေက တရုတ်က မဝင်ဘူး။ တရုတ်ကဝင်တာတော့ အရင်လထက်စာရင် ကျပြီ” လို့ ရေစင်စျေးမှာ စျေးရောင်းနေတဲ့ စျေးသည်တစ်ဦးက ပြောပါတယ်။

တရုတ်နယ်စပ် ဝိုင်းမော်- ဆဒုံး- ကံပိုက်တည်လမ်းပိုင်းမှာ ဇွန်လမတိုင်ခင် ရံဖန်ရံခါ စစ်ရေးအခြေနေကြောင့် ကားလမ်းတွေ ပိတ်ပေမယ့် ဇွန်လနှောင်းပိုင်း ဆဒုံးလမ်းတစ်လျှောက် စစ်တပ်စခန်းကို  KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီးနောက် စက်သုံးဆီတွေကို စတင်သယ်ယူခွင့် ရခဲ့တာလို့ သိရပါတယ်။

တရုတ်နယ်စပ် ကံပိုက်တည်မြို့ကနေ မြစ်ကြီးနား- ဝိုင်းမော်ဘက်ကို စက်သုံးဆီတင်ယူနေတာ ၃ လဝန်းကျင်ရှိလာပြီး အခြေခံစားသောက်ကုန်စည်တချို့ကို ကားအသေးနဲ့ သယ်ယူနေတာ နှစ်ပတ်ကျော်သာရှိသေးတယ်လို့ ကားဆရာတစ်ဦးက ခုလိုပြောပါတယ်။

“ကားပေါက်စလေးတွေကတော့ အခြေခံစားသောက်ကုန်ပစ္စည်းတွေသယ်တယ်။ တရုတ်ပြည်ကနေပြီးတော့ ဆီတွေကို ဝိုင်းမော်- မြစ်ကြီးနားကို သယ်တယ်။ အိမ်‌ဆောက်တဲ့ သံပစ္စည်းတွေသယ်တယ် အခုလောလောဆယ်ကတော့ ဒီလောက်ဘဲ ကျန်တာတွေ ကတော့ သယ်လို့ မရဘူး” လို့ ဆိုပါတယ်။

သို့သော် ယခင်လို မြစ်ကြီးနား- ဆဒုံး တစ်ရက်ခရီးစဉ် မဟုတ်ဘဲ နှစ်ညအိပ်အခြေနေတွေကြောင့် ကုန်စီးဆင်းမှု နှောင့်နှေးနေသေးတယ်လို့ ကားသမားတွေက ပြောပါတယ်။

တစ်ဖက်မှာ တရုတ်နိုင်ငံဘက်က စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တစ်ချို့ဝင်နေပေမယ့် မြစ်ကြီးနားကိုအဓိက အခြေခံစားသောက်ကုန် အများပိုင်းတင်သွင်းနေတဲ့ မန္တလေး- မြစ်ကြီးနားလမ်းဟာ စစ်ရေးအခြေနေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းကစတင်ပြီး အကန့်သတ်နဲ့သာ သွားလာခွင့်ရနေတာဖြစ်ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံကနေ ဝင်ရောက်တဲ့ စက်သုံးဆီ၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီအပါအဝင် အိမ်ဆောက်ပစ္စည်းတွေကလွှဲလို့ ကျန်တဲ့ အခြေခံစားသောက်ကုန်အများပိုင်း ကျဆင်းသွားခြင်းမရှိသေးဘဲ ပုံမှန်စျေးအတိုင်းတက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ကုန်ဈေးနှုန်းတွေက အတက်အကျဖြစ်နေတော့  ကျတာတော့ ရှိပေမယ့် အများပိုင်းကတက်နေသေးတာ ဘာလုပ်စားရမှန်းတောင် မသိတော့ဘူး။ ပြီးတော့ ကုန်ဈေးနှုန်းတွေအရမ်းတက်လာပြီး စားဖို့သောက်ဖို့ခက်ခဲလာရင် ခိုးဆိုးလုနှိုက်တွေ များလာမှာကိုလည်း စိုးရိမ်မိပါတယ်” လို့ စျေးသည်တစ်ဦးက ဆိုပါတယ်။

အခြေခံစားသောက်ကုန်တင်သွင်းဖို့ ခက်ခဲလာတာကြောင့် တစ်နိုင်တစ်ပိုင် အိမ်ဆိုင်လေးဖွင့်ပြီး ဈေးရောင်းကြတဲ့သူတွေအနေနဲ့ အရှုံးတွေများလာတဲ့အတွက် ဆိုင်ပိတ်ထားရတဲ့အခြေနေ ရှိနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနား- ဝိုင်းမော်- ဆဒုံးလမ်းမပေါ်မှာရှိတဲ့ ဝါရှောင်ရွာအထက်မှာရှိတဲ့ စစ်တပ်ရဲ့ပူးပေါင်းဂိတ်အပါအဝင် ဆဒုံးမြို့ စစ်ကောင်စီဌာနချုပ်တည်ရှိရာ ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုစလုံးကို ဇွန်လ ၁၁ ရက် KIA  တပ်သိမ်းပိုက်လိုက်ပြီး လမ်းတစ်လျှောက်လုံးကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button