သတင်း

မြစ်ကြီးနားမြို့အနီးတဝိုက် စစ်တပ်က စစ်ရေးလှုပ်ရှားနေပြီး မြို့တွင်းဂိတ်တစ်ချို့မှာ ဘီးခွန် စတင်ကောက်ခံ

မြစ်ကြီးနားမြို့ အနီးတဝိုက် ကျေးရွာတွေထဲ မသင်္ကာတဲ့နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်စစ်ဆေးနေတဲ့အပြင် မြို့တွင်းမှာ ဂိတ်ဆောက်လုပ်ပြီး အခွန်ကောက်ခံနေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ ဖုန်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရပြီးနောက် မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းပျံ့နှံလာတာနဲ့အမျှ စစ်ကောင်စီတပ်က မြို့ပြင် ရွှေစက်၊ နမ်ကျင်ကျေးရွာ၊ ပလန၊ မော်ဖောင်းကျေးရွာ စတဲ့ ကျေးရွာတွေကို လှုပ်ရှားသွားလာနေတယ်လို့ သိရပါတယ်။

နေ့တိုင်းလိုလိုကြီးတော့ မတွေ့ရဘူး တစ်ပတ်ကို တစ်ခေါက်နှစ်ခေါက်လောက်တော့ ပုံမှန်တွေ့ရတယ်။ အဲ့ဒီဆယ်မိုင်ဘက် နမ်ကျင်ဘက်တွေမှာ ပိုတွေ့ရတယ်သေနတ်တကားကားနဲ့ တစ်ဖွဲ့တစ်ဖွဲ့ကို ၄၀၊ ၅၀လောက်တော့ရှိတယ်။ အဲ့ကြောင့် နမ်ကျင်တို့ ဆယ်မိုင်ဘက်တွေဆို လူငယ်တွေသိပ်မသွားရဲကြဘူးလို့ ရွှေစက်ရပ်ကွက်က အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်အင်အား ၅၀ ဝန်းကျင်ခန့်မှာ ၁၀ မိုင်ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲနေတယ်လို့ ဒေသခံတွေပြောပါတယ်။

မြို့တွင်းမှာလည်း ညဘက် ဒရုန်းနဲ့ကင်းထောက်ပြီး မသင်္ကာတဲ့နေရာတွေကို လက်နက်ကြီးပစ်ခတ်တာမျိုး ရှိနေတယ်လို့ မြစ်ကြီးနားမြို့တွင်း ကယ်ရီပြေးဆွဲနေတဲ့ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ဒရုန်းနဲ့တော့မဟုတ်ဘူး သူတို့ကင်းထောက်လေယာဥ်တွေရှိတယ်လေ။ အဲ့ဒီကင်းထောက်လေယာဥ်နဲ့ ညတိုင်းမြို့တွင်းမြို့ပြင်ပတ်ပြီးကင်းထောက်တာ  ၆နာရီခွဲ  နာရီလောက်ဆိုညတိုင်းဝဲတယ်။ ကင်းထောက်ယာဥ်ဆင်းပြီး သိပ်မကြာဘူး မသင်္ကာဘူးထင်တဲ့ဘက်တွေကို ပစ်တော့တာပဲလို့  ဆိုင်ကယ်ကယ်ရီသမားက အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်တပ်က စစ်ရေးလှုပ်ရှားလာတဲ့ နမ်ကျင်၊ ဆယ်မိုင်၊ ရွှေစက် ပလန၊ မော်ဖောင်း အစရှိတဲ့ကျေးရွာ ရပ်ကွက် ပြည်သူတစ်ချို့ မြို့တွင်းဘက်ကို ယာယီတိမ်းရှောင်သွားတာမျိုး ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနားမြို့မှာရှိတဲ့ လွှတ်တော်ရုံး မုဒ်ပေါက်ဝရှေ့က စစ်ဆေးရေးဂိတ်၊ မြို့သစ်ကြီးရပ်ကွက်နဲ့ နန်းကွေ့ ရပ်ကွက်ကြားက ၇၃ တပ် စစ်ဆေးရေးဂိတ်၊ ပလနကျေးရွာအဝင် စစ်ဆေးရေးဂိတ်တွေမှာ အခုနောက်ပိုင်း ဘီးခွန် ကောက်ခံလာနေတယ်လို့ မြစ်ကြီးနားမြို့တွင်း သုံးဘီးမောင်းသူတစ်ဦး KNG ကို ပြောပါတယ်။

အစတုန်းကတော့ဒီတိုင်းသွားလာလို့ရတာပဲအခုလိုင်းတွေပျောက်သွားတဲ့နောက်ပိုင်းပဲလုပ်ချင်ရာလုပ်ပြီးတောင်းနေတာ။ အဲ့ဒီလွှတ်တော်ရှေ့ဆိုဘာဂိတ်မှမရှိဘူးပေပါပုံး လေးငါးပုံးလေးထောင်ထားပြီးတောင်းစားနေတာ လွှတ်တော်ရှေ့၊ ၃၇ တပ်ရှေ့ဆိုရင်တော့ ၁၀၀၀၀ တောင်းတယ် တခြားသုံးဘီးတွေကျဘယ်လိုတောင်းလဲတော့ကျနော်လည်းမသိဘူး ပျဥ်တွေတင်ရင်တော့ ပုံမှန်တောင်းတယ်လို့ ပြောပါတယ်။

ပြည်နယ်လွှတ်တော်ရုံးရှေ့ ပုံမှန်အားဖြင့် အရပ်ဝတ်နဲ့စစ်သား ၅ ဦး ထက်မနည်း ရှိနေတတ်ပြီး (၃၇) တပ်ရင်း ရှေ့နဲ့ ပလနရွာ အဝင်မှာတော့ ဝါးတားဂိတ်၊ သံဆူးကြိုးတွေနဲ့ ကာရံထားပြီး စစ်သား ၁၀ ဦးကနေ ၂၀ ဦးအထိ ပုံမှန်ရှိနေပါတယ်။

အဲဒီဂိတ်တွေမှာ ဘိလပ်မြေတင်ကား၊ ပျဉ်တင်ကားကြီးတစ်စီးကို ကျပ် ၅ သောင်းအထိ ပေးဆောင်ရတာရှိတယ်လို့ သိရပါတယ်။

အထက်ဖော်ပြပါ ဂိတ်တွေဟာ မြို့တွင်းဂိတ်တွေဖြစ်ပြီး အရင်က ဘီးခွန်ကောက်ခံတာမျိုးမရှိပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ပိုင်း စတင်ကောက်ခံလာတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

ဒါ့အပြင် စစ်ဆေးရေးဂိတ်တွေဟာ ည ၆ နာရီအထိသာ သွားလာခွင့်ရတာကြောင့် ဒေသခံတွေသွားရေးလာရေးအခက်အခဲ ဖြစ်နေတယ်လို့လည်း ရွှေစက်ရပ်ကွက်မှာနေတဲ့ အသက် ၂၉ နှစ်အရွယ်ရှိအမျိုးသားတစ်ဦးက ပြောပါတယ်။

လွှတ်တော်ရှေ့တို့ ၃၇ ဂိတ် ရှေ့တို့ကတော့ည ၈နာရီလောက်ဖြတ်မိရင်တော့တားပြီးစစ်တယ်မေးတယ် တခါတလေဆိုအတော်ရစ်တယ်ဗျ ပလန ဂိတ်ကတော့တခါတလေ နေ့ခင်းကြီးလည်းစစ်တယ်အိမ်စီးကားတွေစစ်တာ ပလနဂိတ်က  ခြောက်နာရီဆိုဂိတ်ပိတယ် အဲ့ဘက်သွားလို့မရဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ မြစ်ကြီးနားမြို့ပေါ်မှာ အခုလို ပေါ်ပေါ်တင်တင်အကောက်အခွန်ကောက်လာတာဟာ လပိုင်းလောက်ပဲရှိသေးတယ်လို့သိရပါတယ်။

Show More

Related Articles

Back to top button