ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်တာအပြင် မြေပြင်ထိုးစစ်ဆင်ဆင်နေတဲ့အတွက် ဒေသခံပြည်သူများမြို့ထဲကနေ ပြန်လည်စွန့်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာအပြင် မြေပြင်စစ်ကြောင်းလည်းထိုးစစ်ဆင်တိုက်ခိုက်ဖို့ လားရှိုးအရှေ့တောင်ဘက်ခြမ်းရှိ တန့်ယန်းဘက်ကနေ စစ်ရေးပြင်ဆင်နေတာတွေရှိတာကြောင့် ဒေသခံပြည်သူတွေ အားလုံးပြန်လည်ထွက်ခွာနေတယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။
“ဟိုတလောက ညတိုင်းလိုလိုပဲလေယာဉ်နဲ့ဗုံးကြဲတော့ အားလုံးကြောက်ပြီး အများပိုင်းပြန်ထွက်ကြတာများတယ်။ လေယာဉ်ကလည်း ခေါက်ရေအရမ်းစိတ်လာတာကြောင့်ရယ် ပြီးတော့ အခုက စစ်ကောင်စီတွေက တန့်ယန်းဘက်ကနေ ထိုးစစ်ဆင်ပြီး လားရှိုးကို ပြန်တိုက်မယ်ဆိုတဲ့ သတင်းတွေလလည်း ထွက်ပေါ်နေတယ်။“ လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လတ်တလေလာ လားရှိုးမြို့ထဲမှာ အိမ်စောင့်အဖြစ်ကျန်နေတဲ့ ပြည်သူတွေထဲက အများပိုင်းပြန်လည်ထွက်ခွာနေကြသလို ကိုးကန့် MNDAA ရဲ့ အုပ်ချူပ်ရေးယန္တရားထဲ တာဝန်ထမ်းဆောင်နေတဲ့သူတွေကလည်း ထွက်ခွာနေကြတယ်လို့ သိရပါတယ်။
လားရှိုးမြို့ထဲမှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်း အားလုံးနီးပါးပြတ်တောက်သွားပြီးနောက် အောက်တိုဘာ ၃ ရက်နေ့အထိ ၃ ရက်တာ လေကြောင်းတိုက်ခိုက်မှုမရှိပဲ တည်ငြိမ်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အောက်တိုဘာလ ၄ ရက်နေ့ ဒီနေ့ မနက်မှာတော့ လားရှိုးမြို့ ရပ်ကွက် ၅ နဲ့ ရက်ကွက် ၈ နေရာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၄ ကြိမ်လာရောက်ဗုံးကြဲသွားပြီး ထိခိုက်ပျက်စီးမှု များတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။
ခုလို လေယာဉ်နဲ့ ဗုံးကြဲမှု ဆက်တိုက်ရှိလာတာကြောင့် လားရှိုးမြို့ပြည်သူတွေဟာ ဆိုင်တွေပိတ်သိမ်းကာ ကွတ်ခိုင်မြို့ဘက်ကို ထပ်မံစစ်ရှောင်ကြတာရှိသလို ရှမ်းတောင်ပိုင်းကို ဆက်လက်စစ်ရှောင်နေကြသူတွေများနေပြီး လားရှိုးတိုက်ပွဲ ထပ်မံဖြစ်ပွားလာမှာ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
“အခုအဓိကတော့ လေကြောင်းအန္တရယ်ကို စိုးရိမ်တာက ပိုဆိုးနေတယ်။ ညဆို လုံး၀ အိပ်လို့မရဘူး။ ကိုးကန့်ရှိတဲ့နေရာတိုင်း၊ ကိုးကန့်နဲ့ နီးစပ်တဲ့နေရာတိုင်း၊ ဌာနဆိုင်ရာ၊ ရုံးတွေအားလုံးကို လေယာဉ်နဲ့ဗုံးလိုက်ကြဲတာ။ အဲလိုနေရာတွေကို ဗုံးကြဲပေမဲ့ နေရာတည့်တည့်မကျပဲ အရပ်သားတွေနေတဲ့ နေအိမ်တွေ နေရာတွေကိုပဲ ကျကျလာတော့ ပြည်သူတွေ သေဆုံးတာတွေ၊ ထိခိုက်တာတွေများလာတော့ အားလုံးကြောက်ကုန်ပြီး ပြန်ထွက်ကုန်တာ။” လို့ လားရှိုးဒေသခံက ဆက်ပြောပါတယ်။
လားရှိုးမြို့ ကိုးကန့်လက်ထဲရောက်သွားတဲ့ ပြီးခဲ့တဲ့ ဇူလိုင်ကကတည်းကနေ စက်တင်ဘာလအထိ ၃ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၁ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၉၀ ခန့်ရှိတယ်လို့ ကိုးကန့် MNDAA က အောက်တိုဘာလ ၂ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။
ကိုးကန့် NNDAA ဘက်ကတော့ လားရှိုးမြို့တွင်း အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်အောင်ကြိုးစားနေပေမယ့် စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကြောင့် လက်ရှိချိန်ထိ လည်ပတ်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
တစ်ဖက်မှာ တရုတ်ဘက်ကတည်း မြောက်ပိုင်းမဟာမိတ်တွေအနေနဲ့ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်ဖို့ ဖိအားပေးနေတာတွေလည်းရှိနေပါတယ်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံကနေ FTC 2000 G လေယာဉ်အသစ် ၆ စီး ထပ်မံဝယ်ယူထားရှိကာ အဲဒီတိုက်လေယာဉ်အသစ်တွေကို နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အများစုတွင် အသုံးပြုနေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ လဆန်းပိုင်းကစပြီး သူတို့လက်လွတ်လိုက်ရတဲ့နယ်မြေကို ပြန်သိမ်းယူမယ့် ရန်နိုင်မင်းစစ်ဆင်ရေးကို စတင်လာတာလည်းဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ နိုင်ငံအဆင့်စစ်ဆင်ရေးဖြစ်ပြီး စစ်ဆင်ရေးအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဟာ အရင်ကထက်ပိုအသုံးပြုလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။
By – ဂျာဘောက်ရာ