သတင်း

မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် အချက် ၆ ချက်ပါ အိတ်ဖွင့်ပေးစာကို အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်ထံ ပေးပို့

အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုကို ရပ်တန်ဖို့အပါအဝင် အချက် ၆ ချက်ပါဝင်တဲ့ အိဖွင့်ပေးစာကို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေကို ပေးပို့ခဲ့ပါတယ်။

အိတ်ဖွင့်ပေးစာမှာ ပါဝင်တဲ့ တောင်းဆိုချက် (၆)ချက်ထဲမှာ မြန်မာ စစ်ကောင်စီကို အာဆီယံတွေအနေနဲ့ စီးပွားရေးအရ ပက်သက်မှုတွေကို ဖြတ်တောက်ပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ရှုံ့ချဖို့၊ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေး ကဏ္ဍတိုင်းမှာ ချန်လှပ်ထားဖို့အပြင် ပြည်သူတွေထောက်ခံတဲ့ NUG၊ NUCC နဲ့ တော်လှန်ရေးအဖွဲ့တွေကို တရားဝင်တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို စစ်ကောင်စီနဲ့ ဆောင်ရွက်တာမျိုး မဟုတ်ဘဲ တော်လှန်ရေး အင်အားစုတွေနဲ့ ဆောင်ရွက်ဖို့အပြင် စစ်ကောင်စီ ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ မြန်မာပြည်သူတွေ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေကို ကူညီပေးဖို့ စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။

တောင်းဆိုချက်တွေကို ဘရူနှိုင်း (Brunei)၊ ကမ်ဘောဒီးယား (Cambodia)၊ အင်ဒိုနီးရှား(Indonesia)၊ လာအို (Lao)၊ မလေးရှား(Malaysia)၊ ဖီလစ်ပိုင် (Philippines)၊ စင်ကာပူ(Singapore)၊ ထိုင်း (Thailand)၊ ဗီယက်နမ် (Vietnam) စတဲ့နိုင်ငံခေါင်းဆောင်တွေကို ပေးပို့ခဲ့ပါတယ်။

အာဆီယံ အစည်းအဝေးတွေ မစတင်ခင်မှာ အမြဲလိုလို မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေ အိတ်ဖွင့်ပေးစာ ပေးပို့လေ့ရှိပေမယ့် တစ်ဖက်မှာတော့ အာဆီယံအဖွဲ့ဘက်က စစ်ကောင်စီအဆင့်မြင့် အရာရှိကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံမယ်ဆိုတဲ့ သတင် ထွက်ပေါ်နေတာဘဲ ဖြစ်ပါတယ်။

ဒီလို သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက အခုလို သုံးသပ်ပြောဆိုပါတယ်။

“အဓိကအရေးကြီးတဲ့အချက်က ဘာလဲဆိုတော့ ထိပ်သီးညီလာခံတွေမှာ မြန်မာနိုင်ငံကိုယ်စား ထိပ်သီးခေါင်းဆောင်ဆိုပြီး အသိအမှတ်ပြုပြီးတော့ အထူးသဖြင့် မင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်တာမျိုး မလုပ်သေးသ၍ကတော့ အာဆီယံဟာ ဒီစစ်အုပ်စုကို နိုင်ငံရေးအရ မြန်မာနိုင်ငံအစိုးရအနေနဲ့ အသိအမှတ်မပြုဘူးဆိုတာကို သူတို့ဘက်က သက်သေ ဆက်ပြတာဘဲလို့ ကျွန်မတို့ဘက်က တွေးလို့ရတယ်။ သူတို့ဘက်က နိုင်ငံရေးအ‌ရကိုယ်စားပြုမှုကို လုံးဝမပေးတက်ဘူးလို့ ပြောထားပြီးသားဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်ကိုလည်း ပြင်တယ်လို့ မကြားဘူးပြီးခဲ့တဲ့ သုံးနှစ်လုံးကလည်း အာဆီယံအနေနဲ့ အဲဒီဆုံးဖြတ်ချက်တွေကို ဆက်ကိုင်ထားဆဲဖြစ်တယ်” လို့ ဆိုပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့က စပြီးတော့ လာအိုနိုင်ငံ ဗီယန်ကျင်း မြို့မှာ ၄၄ကြိမ်မြောက် အာဆီယံ အစည်းအဝေးကြီးကို ကျင်းပနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးကိုလည်း ၉ ရက်နေ့မှာ စေလွှတ်မှာဖြစ်တယ်လို့လည်း Nikkei Asia မှာ ဖော်ပြထားပါတယ်။

အာဆီယံ အစည်းအဝေးမှာ အာဏာသိမ်း စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်မယ်ဆိုတဲ့ အခြေအနေတွေအပေါ်မှာ Kachin Human Right Watch KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျက်ကော့ (Jacob) က သူရဲ့ အမြင်ကို အခုလို ပြောပါတယ်။

“စစ်ကောင်စီဘက်က ပြည်သူလူထုတွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေကို အနှောက်အယှက်ပေး ဖမ်းဆီးတာတွေ ပြုလုပ်တဲ့အပြင် ပြည်သူလူထုကို လူသားချင်းစာနာထောက်ထားမှုအကူအညီ‌ပေးရေးကို ဦးမတည်ဘဲ ပြည်သူလူထုကို အကြမ်းဖက်တဲ့ လုပ်ငန်းတွေကိုလုပ်နေပါတယ်။ ဆိုတော့ အာဆီယံနဲ့ လူသားချင်းစာနာမှု အကြောင်းအရာတွေကို ဆွေးနွေးတာက ဘာမှအရေးပါမယ်လို့ မထင်ဘူးဗျ” လို့ ဆိုပါတယ်။

အာဆီယံအစည်းအ‌ဝေးတွေမှာ များသောအားဖြင့် စစ်ကောင်စီ သံတမန်၊ သံအမတ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အဆင့်တွေသာ တက်ရောက်လေ့ရှိတာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အာဆီယံဘက်အနေနဲ့ တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ EROခေါင်းဆောင်တွေနဲ့ NUGခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးမှုတွေ ချိတ်ဆက်မှုတွေ ပြုတွေရှိနေတာဘဲ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးပြီး စစ်ကောင်စီကို နိုင်ငံတကာမှာ စီးပွားရေး၊ နိုင်ငံရေးအရ ကန့်သတ်ပြီး စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေကို ဒဏ်ခတ်အရေးယူနိုင်ဖို့ ဖိအားပေးဖို့ တောင်းဆိုချက်မှာ ပါရှိပါတယ်။

By – Hope

Show More

Related Articles

Back to top button