ဟုမ္မလင်းမြို့နယ်ထဲကအရေးပါတဲ့လမ်းပိုင်းတွေကို SNA နဲ့စစ်ကောင်စီတပ်ကပိတ်ထား
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင်း အရေးပါတဲ့လမ်းပိုင်းတွေကို SNAတပ်နဲ့ စစ်ကောင်စီတပ်တွေက ပိတ်ထားတယ်လို့သိရပါတယ်။
ပိတ်ထားတဲ့ လမ်းပိုင်းတွေဟာ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်း၊ ကုန်းကြောင်း ကားလမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ပိတ်ထားသလို ဟုမ္မလင်း–နောင်ပိုအောင်–နန့်တောလမ်းကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ဘက်ကပိတ်ထားတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“လောလောဆယ် မုံရာ–ဟုမ္မလင်း ရေကြောင်းလမ်းအထွက်ပဲရတော့တယ်ရှင့်။ မုံရွာဘက်ကနေဟုမ္မလင်းကိုတက်လာလို့မရတော့ ဒီကနေမုံရွာဘက်ကိုအထွက်ပဲရတယ်။ ဒါတောင်အလွတ်ပဲဘာမှပါလို့မရဘူး ဒီမှာပိတ်မိသွားတဲ့ယာဥ်တွေကိုထွက်ခိုင်းတာ”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။
မုံရွာ–ဖောင်းပြင်–ဟုမ္မလင်းကားလမ်းပိုင်းကိုတော့ နိုဝင်ဘာလ ၁၀ ရက်ကျော်ကတည်းက ပိတ်ထားတာဖြစ်ပြီး မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကိုတော့ နိုဝင်ဘာလ ၂၆ရက်နေ့ လောက်ကပိတ်လိုက်တာလို့သိရပါတယ်။
လက်ရှိ ဟုမ္မလင်းမြို့နယ်ထဲက ရေကြောင်း၊ ကုန်းကြောင်းအဝင်လမ်းတွေပိတ်ထားတာကြောင့် ကုန်စည်နဲ့ခရီးသွားလာရေးအတွက် လေကြောင်းတစ်ခုတည်းကိုပဲ အားထားနေရတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။
“ကုန်ပစ္စည်းတွေတော့မပြတ်ပါဘူး လေကြောင်းနဲ့ဝင်တယ် စျေးကြီးတာလေးတစ်ခုပါ့ ခါတိုင်း တစ်ထောင်လောက်ပေးဝယ်ရတဲ့ဟာက အခု ၁၅၀၀ ၊၂၀၀၀ တော့ပေးရတယ် ခရီးသွားမယ်ဆိုလည်း ဆယ်ငါးရက်တစ်လလောက်ကတော့ကြိုစောင့်ရတယ်။ လေကြောင်းတစ်ခုထဲဆိုတော့”လို့ သူကပြောပါတယ်။
ဟုမ္မမြို့အဝင်လမ်းပိုင်းတွေကိုစစ်ကောင်စီဘက်ကပိတ်ထားသလို ဟုမ္မလင်းမြို့အထွက်လမ်းပိုင်းဖြစ်တဲ့ ဟုမ္မလင်း–နန့်တော–နောင်ပိုအောင်လမ်းကိုလည်း SNA ဘက်ကစစ်ရေးအကြောင်းပြပြီးပိတ်ထားတယ်လို့ သိရပါတယ်။
“နောင်ပိုအောင် နန်တောလမ်းက SNA တွေက နောင်ပိုင်အောက်တံတကနေပိတ်ထားတာဟုတ်တယ် သူတို့ပေးထွက်ခိုင်းချင်တဲ့အခါမှပေးထွက်ခိုင်းတယ် လူလည်းမလာခိုင်ဘူးကုန်လည်းမဝင်ခိုင်စဘူးအဲ့ကြောင့်ဒုက္ခတွေရောက်နေကြတာဒီဘက်မှာကရွာထဲလူတောင်မရှိတော့ဘူးအခုက”လို့ နောက်ထပ်နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
နောင်ပိုအောင်–နန်တော–ဟုမ္မလင်းလမ်းပိုင်းကိုတော့ နောင်ပိုအောင်ကျေးရွာအနီးက SNA တပ်တွေထိုင်တဲ့ကျေးရွာသိမ်းတိုက်ပွဲတွေဆက်တိုက်ဖြစ်လာနေတာကြောင့် နိုဝင်ဘာလ ၁၀ရက်ကျော်ကတည်းက ပိတ်ထားလိုက်တာလို့သိရပါတယ်။
ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေဟာ နောင်ပိုအောင်ကျေးရွာအနီးက SNA တွေထိုင်ထားနဲ့ မှန်ဟုန်ရွာ၊ နောင်ကောင်ကောင်းရွာ၊ခုံတမ်းရွာအပါကျေးရွာပေါင်းငါးရွာကို နိုဝင်ဘာလ ၂၀ ကျော်မှာသိမ်းပိုက်ထားပြီး ဆပ်ကယားကျေးရွာကိုတော့ ဒီဇင်လဘာလဆန်းပိုင်းမှာထပ်မံသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲကအရေးပါတဲ့ ကုန်းကြောင်း၊ရေကြောင်းလမ်းတွေကိုအခုလိုပိတ်ထားတာကြောင့် ခရီးသွားပြည်သူတွေပိတ်မိနေတာ၊ တိုက်ပွဲကြောင့်တိမ်းရှောင်လိုတဲ့စစ်ဘေးရှောင်တွေဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ခက်ခဲနေတဲ့အပြင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေဖြစ်နေတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနဲ့နယ်စပ်မှာရှိတာဖြစ်ပြီး မကြာခနဆိုသလို KIA ပူးပေါင်းတပ်နဲ့ SNA ပူးပေါင်တပ်အကြား တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာလကုန်းပိုင်းနဲ့ ဒီဇင်ဘာလဆန်းပိုင်းအတွင်း ဟုမ္မလင်းမြို့နယ်ထဲက SNA တပ်စခန်းတစ်ချို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပါတယ်။
By – Zaw Zaw