စစ်ရေး
-
Sep- 2026 -4 September
စစ်သင်္ဘောအုပ်စုထဲက ၇ စီး ဗန်းမော်ကမ်းကပ်ရောက်ရှိ
မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့ကိုဖြတ်ပြီး ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင်သင်္ဘော ၅ စီး၊ စုစုပေါင်း ၇ စီးဟာ ဗန်းမော်မြို့ကို ကမ်းကပ်ရောက်ရှိနေပြီလို့ ဗန်းမော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲဒီသင်္ဘောတွေထဲက ဒေသအခေါ် “သံခွန်” လို့ခေါ်တဲ့ ကုန်တင်သင်္ဘောတွေမှာ ကုန်ပစ္စည်းတွေအပြင် သင်္ဘောပတ်လည်ကို သဲအိတ်တွေနဲ့ အကာအကွယ်ပြုလုပ်ပြီး လူအင်အားတွေ တင်ဆောင်လာတာများတယ်လို့ အဲဒီကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။ “ဗန်းမော်ကို ကပ်ပြီနော် ၇ စီး။ တိုက်သင်္ဘော ၂ စီးနဲ့ သံခွန်က ၅ စီး၊ ၇ စီးရောက်သွားတာ။ သံခွန်ကတော့ ကုန်တွေတင်တာထက်စာရင် ပတ်ပတ်လည် သဲအိတ်ကာပြီးတော့ လူအင်အားတင်တာများတယ်။ ပြီးရင် ကုန်ပစ္စည်းတင်တယ်။ လောင်စာဆီတွေ တင်တယ်”လို့ သူက ပြောပါတယ်။ လက်ရှိရောက်ရှိလာတဲ့ သင်္ဘော ၇ စီးရဲ့ အင်အားဟာ ပြီးခဲ့တဲ့နှစ်က ဗန်းမော်ဘက်ကို ဆန်တက်လာခဲ့တဲ့ စစ်သင်္ဘောအုပ်စုထက် နည်းပါးပေမယ့် အင်အားလုံးဝနည်းသွားတယ်လို့ ပြောလို့မရဘဲ ဗန်းမော်စစ်မျက်နှာပြင်အခြေအနေမှာ အပြောင်းအလဲတချို့ ဖြစ်လာနိုင်တယ်လို့ အဆိုပါကာကွယ်ရေးတပ်ဖွဲ့ဝင်က သုံးသပ်ပါတယ်။ “အခုတော့ ဒီလိုဖြစ်လာနိုင်တယ်။ ဒီသင်္ဘောတွေက ဗန်းမော်ဘက်ကို ရောက်ပြီဆိုတော့ ၇ စီးရဲ့အင်အားကလည်း မနှစ်ကထက်စာရင် နည်းတယ်ဆိုပေမဲ့ ၇ စီးရဲ့အင်အားက လုံးဝကြီးနည်းသွားတယ်လို့လည်း ပြောလို့မရဘူး။ ဒီအကြောင်းအရင်းနဲ့ပတ်သက်ပြီးတော့ ဗန်းမော်စစ်မျက်နှာပြင်က နည်းနည်းတော့ အခြေအနေပြောင်းလဲနိုင်တယ်လို့တော့ ပြောလို့ရတယ်ဗျ”လို့ သူက စစ်သင်္ဘောရောက်ပြီးတဲ့နောက် ဗန်းမော်စစ်ရေးမှာ ဖြစ်လာနိုင်တဲ့အခြေအနေကို သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဗန်းမော်ဘက်ကို ဆန်တက်လာခဲ့တဲ့ စစ်သင်္ဘောအုပ်စုမှာတော့ ဖလက်သံခွန်တွေအပါအဝင် သင်္ဘောအစီးရေ ၁၃ စီးခန့် ရှိခဲ့တယ်လို့ အဆိုပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။ “မနှစ်ကတော့ သင်္ဘောတက်ပြီဆိုတာနဲ့ ဖလက်သံခွန်တွေကတော့ များတာပေါ့။ မနှစ်ကရောက်တဲ့ အစီးရေက ၁၃ စီးလောက် ရှိလိမ့်မယ်”လို့ အထက်ဖော်ပြပါ သတင်းရင်းမြစ်က ပြောပါတယ်။ အခု စစ်သင်္ဘောအုပ်စုဟာ ဗန်းမော်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအတွက် လက်နက်နဲ့ ရိက္ခာတွေကို သယ်ဆောင်လာတာဖြစ်နိုင်ပြီး လေယာဉ်နဲ့ သယ်ယူဖို့မလွယ်ကူတဲ့ ပစ္စည်းတွေ ပါဝင်နိုင်တယ်လို့ စစ်ရေးအတွင်း သိရှိသူတစ်ဦးက ပြောပါတယ်။ “ဗန်းမော်က စစ်သားတွေအတွက် လက်နက်ရိက္ခာတွေ သယ်တာ တစ်နှစ်စာပေါ့။ လေယာဉ်နဲ့ တင်မရတဲ့ ပစ္စည်းတွေအများဆုံး ပါမယ်။ သင်္ဘောက တစ်နှစ်တစ်ခေါက်ပဲ တက်တာဆိုတော့”လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။ အခုလို စစ်သင်္ဘော ၇ စီး ဗန်းမော်မြို့အထိ ရောက်ရှိလာပေမယ့် သင်္ဘောတွေပေါ်မှာ ပါဝင်လာသူတွေနဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းအမျိုးအစား၊ ပမာဏတွေကိုတော့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် အခုသင်္ဘောအုပ်စုမှာ ဗန်းမော်ရှိ ဝန်ထမ်းတွေကို လူစားလဲဖို့ ဝန်ထမ်းမိသားစုတွေနဲ့ ခရိုင်မှူး၊ မြို့နယ်မှူးတွေ ပါဝင်လာတယ်လို့လည်း အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ အဆိုပါ စစ်သင်္ဘောအုပ်စုဟာ ဩဂုတ်လ ၂၁ ရက်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာခဲ့တာ ဖြစ်ပါတယ်။ ရွှေကူမြို့အထိ ရောက်ရှိလာချိန်မှာ စစ်သင်္ဘောအုပ်စုထဲက ရေယာဉ်တချို့ကို တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး သင်္ဘောတချို့ မီးလောင်ပျက်စီးတာ၊ နစ်မြုပ်တာတွေ ရှိခဲ့တယ်လို့ အရင်က KNG ကို ပြောထားတဲ့ ဒေသခံနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။ ပျက်စီးခဲ့တဲ့ သင်္ဘောအများစုဟာ ဒေသအခေါ် “သံခွန်” လို့ခေါ်တဲ့ ကုန်တင်သင်္ဘောတွေဖြစ်ပြီး ရွှေကူမှာလည်း သံခွန်တစ်စီးနဲ့ ဘေးတွန်းသင်္ဘော ၂ စီး ကျန်ရစ်ခဲ့တယ်လို့ ဗန်းမော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ သင်္ဘောအများစုကတော့ သံခွန်တွေပါ။ ဒေသအခေါ်ကတော့ သံခွန်လို့ခေါ်တာပေါ့လေ။ ကုန်တင်တဲ့သင်္ဘောပေါ့လေ။ ရွှေကူမှာကျန်ခဲ့တာကလည်း သံခွန်ရယ်၊ ဘေးတွန်းသင်္ဘော ၂ စီးရယ်ပဲ ကျန်တာ”လို့ သူက ပြောပါတယ်။ ဒါ့အပြင် စစ်သင်္ဘောအုပ်စု ဗန်းမော်ဘက် ဆက်လက်ဆန်တက်နေစဉ် တိုက်ခိုက်ခံရတဲ့ ရေယာဉ်တချို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်ပြီး လက်နက်ချလာတဲ့ စစ်သုံ့ပန်း ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။ အဲဒီစစ်သုံ့ပန်းတွေနဲ့အတူ တွေ့ရတဲ့ထဲမှာ စစ်သုံ့ပန်းတွေ၊ စစ်သင်္ဘောဝန်ထမ်းတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေပါ ပါဝင်လာတယ်လို့ သိရပါတယ်။ ရွှေကူမြို့မှာ စစ်သင်္ဘောအုပ်စုကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ရှိနေချိန် တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အခု စစ်သင်္ဘော ၇ စီး ဗန်းမော်အထိ ရောက်ရှိလာတာကြောင့် စစ်သင်္ဘောအုပ်စုရဲ့ လက်နက်၊ ရိက္ခာနဲ့ လူအင်အား ဖြည့်တင်းမှုဟာ ဗန်းမော်စစ်မျက်နှာပြင်အပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိလာမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။ By…
Read More » -
Aug- 2026 -28 August
စစ်သင်္ဘောအုပ်စု ရွှေကူရောက်ရှိ၊ ကြည်း၊ ရေ၊ လေ စစ်ရေးလှုပ်ရှားမှုများတစ်ပြိုင်တည်းရှိနေ
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောအုပ်စုဟာ ဒီနေ့ မနက်ပိုင်းမှာ ရွှေကူမြို့ ဆိပ်ကမ်းကို ရောက်ရှိနေလာ။
Read More » -
24 August
မြစ်ဆုံစီမံကိန်း တစ်ဝိုက် စစ်တပ်အင်အားထပ်ချထား
မြစ်ကြီးနားမြို့နယ် မြစ်ဆုံ စီမံကိန်းနေရာတစ်ဝိုက်မှာ စစ်တပ်အင်အား ကားသုံးစီးအပြည့်နဲ့ ရောက်လာပြီး လက်ရှိမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မလှမ်းဝေးတဲ့ နေရာမှာ တပ်ချ နေရာယူထားတယ်လို့ သိရပါတယ်။
Read More » -
Jun- 2026 -19 June
ရွှေကူကို ဘာကြောင့် အပြိုင်ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြသလဲ
ကချင်ပြည်နယ် ရွှေကူမြို့နယ်တစ်ဝှိုက်မှာ လတ်တလော တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးဒေသကနေ အင်အားထပ်မံဖြည့်တင်းနေပါတယ်။
Read More » -
18 June
ရွှေကူမြို့တွင်းတပ်အတွက် လေထီးဖြင့် ထောက်ပို့ပစ္စည်းများချပေး
ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်တပ်ဘက်က မြို့တွင်းအခြေစိုက်တပ်အတွက် လေယာဉ်ပေါ်ကနေ လေထီးအသုံးပြုပြီး ထောက်ပို့ပစ္စည်းတွေ ချပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီကနေ့ ညနေ ၅ နာရီကျော်အချိန်မှာ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးဟာ ရွှေကူမြို့ပေါ်ကနေ ပျံသန်းခဲ့ပြီး လေထီးတွေနဲ့ ပစ္စည်းတွေ…
Read More » -
11 June
ရွှေကူမြို့ခံများ မြို့စွန့်ခွာဖို့ အခက်အခဲရှိနေ
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ထားတဲ့ တစ်ဖက်မှာ စစ်တပ်ဘက်ကတော့ ရွှေကူမြို့အတွင်းမှာပဲ ဆက်လက်နေထိုင်ကြဖို့ အရပ်သားတွေကို တိုက်တွန်းနေတယ်လို့ ရွှေကူမြို့ခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More » -
10 June
ရွှေကူမြို့ကို စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA ပြော
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA ဘက်ကပြောပါတယ်။ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက စစ်ကောင်စီတပ်ဘက်က ထီးချိုင့်–ငအိုးဘက်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲပြီး အင်အားများစွာနဲ့ ရွှေကူဘက်ကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ပြောပါတယ်။ “အင်အား ၄၀၀၊ ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးတာရှိတယ်။ ငအိုးကနေတက်လာပြီး ရွှေကူဘက်ကို ဦးတည်နေတာဖြစ်တယ်။ ရွှေကူကိုတော့ မရောက်သေးဘူး။ တခြားလမ်းကြောင်းတွေမှာလည်း စစ်ဆင်ရေးလုပ်နေတယ်။ စစ်ကြောင်း ၃ ခုနဲ့ လှုပ်ရှားနေတာပါ”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဘက်က ရွှေကူမြို့တွင်းကို တိုက်ရိုက်ဝင်ရောက်နိုင်ခြင်း မရှိသေးပေမယ့် လမ်းကြောင်းတစ်လျှောက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စစ်ကြောင်း ၃ ကြောင်းလုံး တပြိုင်နက်တည်း လှုပ်ရှားနေတဲ့အခြေအနေကြောင့် ဒေသတစ်ဝှိုက်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာနေပြီး စစ်ရေးအခြေအနေကလည်း ယနေ့အထိ တင်းမာနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ငအိုး–ရွှေကူလမ်းပိုင်းထဲက ၅ လမ်းဆုံရွာအနီးမှာလည်း စစ်ကောင်စီတပ်ဘက်က ရှေ့တန်းတပ်ဖွဲ့တွေ ခြေကုပ်ယူထားတဲ့ အခြေအနေရှိနေတယ်လို့ KIA ဘက်က ထပ်မံပြောပါတယ်။ အဆိုပါနေရာဟာ လမ်းကြောင်းအရေးပါတဲ့ ချိတ်ဆက်လမ်းဆုံတစ်ခုဖြစ်ပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားမှုအတွက် အဓိကအချက်အချာနေရာတစ်ခုအဖြစ် ရှိနေတယ်လို့ ဆိုပါတယ်။ “ရွှေကူရောက်ပြီဆိုရင် သူတို့ဘက်က ဗန်းမော်ဘက်ကို ဆက်တက်ဖို့ ဦးတည်ချက်ရှိတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပြောဆိုပြီး လက်ရှိစစ်ရေးလှုပ်ရှားမှုတွေဟာ အဆိုပါလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေး ဦးတည်နေတယ်လို့ သုံးသပ်ပါတယ်။ ဒီအခြေအနေကြောင့် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း လမ်းကြောင်းတစ်ဝှိုက်မှာ ကြားဖြတ်တားဆီးမှုနဲ့ ခုခံတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေပြီး ယနေ့မနက်ပိုင်းအထိ ၅ လမ်းဆုံအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေအရ စစ်ကြောင်းတွေဘက်က ရှေ့ဆက်တိုးလာတာ မတွေ့ရဘဲ ငအိုး–ရွှေကူလမ်းမကြီးတစ်လျှောက်နေရာတွေမှာ ခြေကုပ်ယူထားတဲ့ အနေအထားဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါ့အပြင် စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံပြည်သူတွေကိုလည်း လုံခြုံရေးကို ဦးစားပေးပြီး သက်ဆိုင်ရာထုတ်ပြန်ချက်တွေကို လိုက်နာဖို့နဲ့ လိုအပ်ပါက စစ်ရှောင်ပြင်ဆင်ထားဖို့ KIA ဘက်က တိုက်တွန်းထားပါတယ်။ “တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်လာနိုင်တဲ့အခြေအနေပါ။ ပြည်သူတွေက လုံခြုံရေးကို အရင်ဆုံးထားပြီး စဉ်းစားဖို့လိုပါတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ လက်ရှိအခြေအနေအရ ငအိုး–ရွှေကူဒေသတစ်ဝှိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲကျယ်ပြန့်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။ ရွှေကူမြို့နယ်တစ်ခုလုံးအခြေအနေအရ စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို ဆက်လက်ထိန်းချုပ်ထားပြီး တော်လှန်ရေးအင်အားစုတွေကတော့ မြို့နယ်အတွင်း ကျေးရွာအချို့ကို စိုးမိုးထားနိုင်တယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ ရွှေကူ–ငအိုး–ဗန်းမော်လမ်းကြောင်းဟာ ကချင်ပြည်နယ်အတွင်း စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတဲ့ ချိတ်ဆက်လမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို ထိန်းချုပ်ထားသော်လည်း မြို့နယ်အတွင်း ကျေးရွာအချို့ကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ By – အမိုး
Read More » -
5 June
တစ်လကျော်ကြာ ထိုးစစ်ဆင်နေပေမယ့် ရွှေကူမြို့ထဲ စစ်ကြောင်းမဝင်နိုင်သေး
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတစ်လျှောက်မှာ ဒီနေ့အထိ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းဟာလည်း ရွှေကူမြို့ထဲကို အခုချိန်ထိ ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More » -
4 June
ကချင်ကိုဝင်လာတဲ့ စစ်ယာဉ်တန်းတွေ၊ အရပ်သားအကူအညီလား စစ်ရေးထောက်ပို့လား
ကချင်ပြည်နယ်ကို ဝင်ရောက်လာနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေမှာ ဘာတွေတင်ဆောင်လာသလဲဆိုတဲ့ မေးခွန်းက လတ်တလော စိတ်ဝင်စားစရာအကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။ စစ်တပ်ထောက်ခံတဲ့ ချန်နယ်လ်တွေနဲ့ ထုတ်ပြန်ချက်တွေရဲ့ ဖော်ပြချက်အရ မေလ ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိသွားတဲ့ ဒုတိယအကြိမ် စစ်တပ်ယာဉ်တန်းဟာ ကျောင်းသုံးစာအုပ်တွေ၊ ဆေးဝါးတွေ၊ အခြေခံစားသောက်ကုန်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ စက်သုံးဆီတွေကို သယ်ဆောင်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။ စစ်တပ်ဘက်ကတော့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လမ်းတစ်လျှောက်က မြို့ရွာတွေမှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကျောင်းဖွင့်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အခုလို ပစ္စည်းတွေ ပို့ဆောင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။ ဒါပေမယ့် KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ အရင်တစ်ခေါက် ကချင်ပြည်နယ်ဘက်ကို တက်လာခဲ့တဲ့ ယာဉ်အစီး ၄၀၀ ကျော်ရှိတဲ့ စစ်တပ်ရဲ့ယာဉ်တန်းမှာ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ ပါဝင်သလို လက်နက် ခဲယမ်းတွေလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ “ရှေ့တစ်ခေါက် အစီး၄၀၀ တက်လာတုန်းကလည်း ဘိလပ်မြေအိတ်တင်တဲ့ ကားအစီး၁၀၀ပါတယ်။ တခြားဆောက်လုပ်ရေး ပစ္စည်းတွေလည်း ပါတယ်။ စားနပ်ရိက္ခာတင်တဲ့ကားတွေလည်းပါတာ ဟုတ်တယ်။ လက်နက်ခဲယမ်းတွေလည်းပါတယ်။”လို့ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကိုထပ်ရောက်လာတဲ့ ယာဉ်တန်းမှာလည်း အစားအသောက်နဲ့ ပြည်သူတွေအသုံးပြုရမယ့် ပစ္စည်းတွေ ပါဝင်နိုင်ပေမယ့် စစ်ယာဉ်တန်းဖြစ်တဲ့အတွက် လက်နက်ခဲယမ်းနဲ့ စစ်ရေးထောက်ပို့ ပစ္စည်းတွေပါဝင်ဖို့ များတယ်လို့ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။ “ဒီတစ်ခေါက်လည်း အစားအသောက်တွေလည်း ပါမှာဘဲ ။ အဲဒီလိုဘဲ ပြည်သူတွေ အသုံးပြုရမယ့် ပစ္စည်းတွေလည်းပါမှာဘဲ။ ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် စစ်ကားဖြစ်တဲ့ အတွက် လက်နက်ခဲယမ်းတွေလည်း သယ်တာတွေလည်း သေချာပေါက်ပါမယ် လို့တော့ သိရှိနိုင်တယ်။ ပြီးတော့ စစ်အင်အား ဘယ်လောက်ပါတယ် ဆိုတာကိုတော့ သေချာ မသိရသေးဘူး။ ကားကို ဖုံးပြီး မောင်းလာတာဖြစ်တဲ့အတွက် စစ်အင်အား ဘယ်လောက်ပါတယ်ဆိုတာကိုတော့ မသိရသေးဘူး“ စစ်တပ်ဟာ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယာဉ်အစီး ၄၀၀ ကျော်ပါ ယာဉ်တန်းတစ်ခုနဲ့ ယာဉ်အစီး ၂၀၀ ခန့်ပါဝင်တဲ့ နောက်ထပ်ယာဉ်တန်းတစ်ခုကို ကချင်ပြည်နယ်အတွင်းကို ဆက်တိုက်ဆိုသလို ဝင်ရောက်အင်အား ဖြည့်နိုင်ခဲ့တာပါ။ ဒီနေရာမှာ မေးခွန်းထုတ်စရာ ဖြစ်လာတာကတော့ အရပ်သားတွေအတွက် အသုံးပြုမယ့် ကျောင်းစာအုပ်၊ ဆေးဝါးနဲ့ စားသောက် ကုန်တွေကို စစ်ရေးထောက်ပို့ပစ္စည်းတွေနဲ့အတူ ယာဉ်တန်းတစ်ခုတည်းမှာ ရောပြီးသယ်ဆောင်လာတာ ဟုတ်မဟုတ်ဆိုတဲ့ အချက်ပါ။ ဥပဒေပညာရှင်တစ်ဦးကတော့ ပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်များအားလုံးဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law-IHL) ကို တူညီစွာလိုက်နာရမှာဖြစ်ပြီးစစ်ရေးပစ်မှတ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို အမြဲတမ်း ခွဲခြားသတ်မှတ်ထားရမယ်လို့ KNG ကို ပြောပါတယ်။ “နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို ကာကွယ်ပေးထား ပါတယ်။ ဒါပေမဲ့ စစ်ရေးလှုပ်ရှားမှုကို ထိရောက်စွာ အထောက်အကူပြုနေတဲ့ ယာဉ်တန်းတွေဟာ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ အကယ်၍ အကူအညီပစ္စည်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်လာတယ်ဆိုရင် အဲ့ဒီယာဉ်တန်းဟာ သီးသန့် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် မသတ်မှတ်နိုင်တော့ဘဲ IHL အရ ရရှိထားတဲ့ အကာအကွယ်အချို့ကို ဆုံးရှုံးသွားနိုင်ပါတယ်“လို့ အထက်တန်းရှေ့နေတစ်ဦးဖြစ်တဲ့ Ja Seng Hkawn ကဆိုပါတယ်။ ဂျီနီဗာကွန်ဗင်းရှင်းရဲ့ Additional Protocol I မှာ ပါဝင်တဲ့ Distinction Principle အရ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့တွေဟာ စစ်ရေးပစ်မှတ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ အရပ်သားအသုံးပြုပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ ထောက်ပို့ပစ္စည်းတွေကို ယာဉ်တန်းတစ်ခုတည်းမှာ ရောနှောသယ်ဆောင်လာ တာ မှန်ကန်ခဲ့မယ်ဆိုရင် အဲ့ဒီအခြေအနေဟာ ဥပဒေရေးရာနဲ့ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်တွေကနေ မေးခွန်း ထုတ်စရာ ဖြစ်လာနိုင်တယ်လို့ ဥပဒေရေးရာလေ့လာသူတွေက သုံးသပ်ကြပါတယ်။…
Read More » -
3 June
မင်းအောင်လှိုင်ကို တော်လှန်တဲ့အဖွဲ့များအားလုံး ပါဝင်တဲ့ဆွေးနွေးမှုသာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်လို့ KIO ပြော
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရလက်အောက်မှာ စစ်တပ်ကို တော်လှန်နေတဲ့အဖွဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ရှိလာရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ ပါဝင်သွားမှာ ဖြစ်တယ်လို့ KIO က ထပ်မံပြောဆို လိုက်ပါတယ်။
Read More »