သတင်း

ဝိုင်းမော်မှာ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုရှိ

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ နဲ့ ၀ူယန်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့လောက်ကစပြီး လမြန်၀ူယန်နန့်ဝါ စတဲ့ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ကြား ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဝိုင်းမော် ခလရ (၅၈) တပ်ရင်းကလည်း နေ့စဉ် လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်မှုကြောင့် မတ်လ ၂၃ ရက်နေ့က ၀ူယန်နန့်ဝါလမ်းဘက်မှာ အမျိုးသား ၂ ဦးထက်မနည်း ထိခိုက်သေဆုံးမှုလည်းရှိတယ်လို့ လည်းသိရပါတယ်။

သို့သော်လည်း ထိုသူ ၂ ဦး၏ အသေးစိတ်အချက်အလက်ကို KNG က အတည်မပြုနိုင်ခဲ့ပါဘူး။

ဝိုင်းမော်မြို့အဝင်၊အထွက် လမ်းကြောင်းအားလုံးမှာ စစ်ကောင်စီဘက်က ဂိတ်ပိတ် တားဆီးမှုတွေလည်းရှိကာ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးမှုတွေလည်းရှိနေတာကြောင့် ပြည်သူတွေအတွက် သွားလာရေးအခက်အခဲကြား သတိနဲ့သွားလာနေရတယ်လို့ ဆိုပါတယ်။ 

အရမ်းခက်တယ်။ ဒီတလော သွားလာရေးခက်တယ်။ စစ်ဆေးမှုတွေလည်း တင်းကြပ်တယ်။ သေနတ်သံ၊လက်နက်သံတွေထွက်တဲ့အချိန်ဆို လမ်းပိတ်လိုက်တယ်။ သွားလာလို့မရဘူး။ ဒီတလောလမ်းသွားလမ်းလာ အားလုံး သတိထားရတယ်။ နန့်ဝါ၊ ဝါးရှောင်ဘက်မှာဆို ပစ်လိုက်၊ ရပ်လိုက်နဲ့ ဒါပေမဲ့ ဒီတလောက ဆက်တိုက်ပြန်ပစ်နေတာ။ လေယာဉ်ဗုံးလည်း လာကြဲတယ်။ ဟု ဝိုင်းမော်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဝိုင်းမော်ချီဖွေလမ်းကြောင်းတစ်လျှောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နေရာယူ လှုပ်ရှားနေတဲ့ နေရာတွေဆီ စစ်ကောင်စီတပ်ဘက်က ဆက်တိုက်ထိုးစစ်ဆင်လာတာကြောင့် ဒီအပတ်အတွင်း လမြန်၀ူယန်နန့်ဝါကျေးရွာဝါးရှောင်တွေဘက်မှာ သေနတ်သံဆက်တိုက် ကြားနေရတယ်လို့ ဝိုင်းမော်ဒေသခံတွေ ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့ ဒီနေ့ထိလည်း ဝိုင်းမော် ခလရ (၅၈) တပ်ရင်း အထက်ဘက် ၀ူယန်ဝါးရှောင်လမ်းဘက် နေရာ ၃ နေရာလောက်မှာ စစ်တပ်နဲ့ KIA တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒီအပတ်အတွင်း တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်ဆက်တိုက် ရှိလာနေပြီး ဝိုင်းမော်ဘက်မှာ စစ်ရေးအခြေအနေ ပြန်လည် တင်းမာလာတာကြောင့် ဒေသခံတွေလည်း စိုးရိမ်းမှုတွေ ရှိနေပါတယ်။

အခုလို တိုက်ပွဲဆက်တိုက်ပြန်ဖြစ်လာတော့ စိုးရိမ်လာရမယ်ထင်တယ်။ သွားလာရေးကလည်း သွားသွားလာလာ လုပ်နေကြသူတွေလည်း ပုံမှန်တော့ရှိနေပါတယ်။ ဒါပေမဲ့ အခြေအနေ အချိန်အခါကိုတော့ ကြည့်ပြီး သွားလာရတာပေါ့။ တိုက်ပွဲဖြစ်ရင်တော့ လမ်းယာယီပိတ်လိုက်တာတွေရှိတယ်။ လမ်းသွားလမ်းလာမှာ ယောက်ျားသားတွေကို အဓိက စစ်ဆေးတာတွေရှိတယ်။ အများပိုင်း လူငယ်တွေ သတိထားသွားလာရမယ်။ဟု ဝိုင်းမော်မြို့ခံ နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း kNG ကိုပြောပါတယ်။ 

လက်ရှိ ဝိုင်းမော်မြို့တွင်း စစ်ကောင်စီနေရာယူ ဂိတ်ချ ပိတ်ဆို့ထားတဲ့ နေရာတွေကတော့ (၅၈) တပ်ရင်းရှေ့၊ ၀ူယန်ကျေးရွာ၊ ဝိုင်းမော်အဝင်မှာတော့ ဗလမင်းထင်တံတားနဲ့ အင်မြန်းချောင်း(N Myan hka) တံတား၊ တစ်ဖက်မှာ ခတ်ချိုလမ်းခွဲနဲ့ ကျန်းခန်းရွာအဝင် စတဲ့လမ်းကြောင်းတွေမှာ ဂိတ်ချ တားဆီးထားပြီး ပုံမှန်အစစ်အဆေး ပြုလုပ်လျက်ရှိပါတယ်။

အဲဒီလို စစ်တပ်ဂိတ်တွေမှာ ဘာသာရေးဆိုင်ရာ အသင်းတော်အမှုတော်ဆောင်တွေ လည်း မကြာခဏ ဖမ်းဆီးခံရလျက်ရှိနေပြီး လမ်းသွားလမ်းလာပြည်သူတွေထဲက ကားတွေကို အဓိကစစ်ဆေးတင်းကြပ်လျက်ရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။

လက်ရှိ ဝိုင်းမော်မြို့ပြင်ဘက် နေရာအားလုံးမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က နေရာယူ ထိန်းချုပ်ထားပြီး မြို့ အဝင်အထွက်လမ်းကြောင်းအားလုံးကို နှစ်ဖက်တပ်က ပိတ်ဆို့တာတွေလည်း ရှိတာကြောင့် ဒေသခံပြည်သူတွေကတော့ ကွေ့ရှောင်လမ်းတွေ အသုံးပြု သွားလာနေရတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလလောက်ကစပြီး အခြေအနေတည်ငြိမ်နေခဲ့တာဖြစ်ပေမဲ့ တစ်ဖက်မှာတော့  KIA ရှိတဲ့နေရာတချို့ကို စစ်တပ်က ဒရုန်း၊ လေယာဉ်တွေနဲ့ မကြာခဏဗုံးကြဲတာတွေအပြင် မြေပြင်နေရာတချို့မှာလည်း နှစ်ဖက်ပစ်ခတ်မှုတွေ မကြခဏ ဖြစ်ပွားလျက်ရှိနေတာ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button