သတင်း

မိုးရွာသွန်းမှုကြောင့် ပူတာအို – ခေါင်လန်ဖူး ကားလမ်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာပြတ်တောက်

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပူတာအိုခေါင်လန်ဖူးကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာတွေပြတ်တောက်နေတယ်လို့သိရပါတယ်။

ပူတာအိုခေါင်လန်ဖူး ကားလမ်းပိုင်းမှာ မတ်လလဆန်းကတည်းကစပြီး လက်ရှိအချိန်အထိ မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် ကားလမ်းပိုင်းမြေပြိုတာ၊ တံတားတွေပျက်စီးတာတွေကြောင့် ကား၊ဆိုင်ကယ်တွေအသွားအလာပြတ်တောက်နေတယ်လို့ ခေါင်လန်ဖူးမြို့ နေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ခေါင်လန်ဖူးလမ်းက သွားလို့မရတာဒီပတ်နဲ့ဆို နှစ်ပတ်တိတိရှိပြီနော် တစ်နေရာ နှစ်နေရာပဲ ပျက်တာမဟုတ်ဘူးလမ်းက တစ်လမ်းလုံးပျက်နေတာ တစ်လမ်းလုံးလုံး မြေပြိုတဲ့နေရာတံ တားကျိုးတဲ့နေရာကျိုးနဲ့ဆိုတော့သွားလို့မရသေးဘူး ပြင်မယ်ဆိုရင်လည်း မိုးကဆက်ရွာနေတော့ ပြင်လို့မရဘူးတဲ့လို့ အသက် ၄၀ ကျော်အရွယ် အထက်ပါအမျိုးသမီးက ပြောပါတယ်။

လတ်တလော ပူတာအိုမြို့ကနေ ခေါင်လန်ဖူးနောင်မွန်းလမ်းခွဲ ဖြစ်တဲ့ မဂွေဇဂိတ်အထိ ကား၊ဆိုင်ကယ်တွေသွားလာလို့ရပေမယ့် မဂွေဇဂိတ်ကျော်ပြီး ရီဒမ်ဂိတ်ကနေစ ခေါင်လန်ဖူးမြို့အထိ တစ်လမ်းလုံးမှာမြေပြိုတဲ့နေရာပေါင်း ၃၀ ထက်မနည်းရှိတယ် လို့သိရပါတယ်။

တံတားကျိုးတာတွေနဲ့ဆိုရင်တော့ လမ်းပျက်နေတဲ့နေရာက နေရာ ၃၀ တောင်မကဘူးထင်တယ် ဆန်းလွန်ချက်ဟိုးဘက်ကပိုဆိုးတယ် စွန့်စားရဲတဲ့ လူကတော့ ဆိုင်ကယ်နဲ့နည်းနည်းသွားကြတယ် လမ်းမှာဆိုင်ကယ်ထမ်းပေးတဲ့ ကယ်ရီအဖွဲ့ရှိတယ်ပိုက်ဆံတော့ပေးရတယ်တဲ့လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသမီးက ပြောပါတယ်။

လတ်တလော ကုန်ကားနဲ့ခရီးသည်ကားတွေတော့လုံးဝ သွားလာလို့မရကြောင်းသိရပြီး ဆိုင်ကယ်တွေကတော့ အထမ်းသမားတွေအကူ အညီနဲ့ သွားလာလို့ရတယ်ဆိုပေမယ့် ခက်ခက်ခဲခဲသွားလာရတာ၊ လမ်းပိုင်းမှာ ညအိပ်ရတာတွေကြောင့် သွားလာသူမရှိသလောက်နည်းတယ်လို့ သိရပါတယ်။

အခုလိုလမ်းပိုင်းပြတ်တောက်နေတာကြောင့် ပူတာအိုဆင်းမယ့်ခရီးသည်တွေ ခေါင်လန်ဖူးမြို့မှာ ပိတ်မိနေသလို ခေါင်လန်ဖူးတက်မယ့်ခရီးသည်တွေ၊ကားသမားတွေလည်း ပူတာအိုမြို့ပေါ်မှာ ပိတ်မိနေတယ်လို့ ကုန်ကားမောင်းတဲ့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။

ဘယ်တော့သွားလို့ရမလဲမသိဘူး စောင့်နေတာ တစ်ပတ်ကျော်နေပြီ ကားသေးတောင်တက်မလို့ရဘူးဆိုတော့ ကျနော်တို့လိုကားကြီးတွေကပိုဆိုးမှာပေါ့ နောင်မွန်းဘက်တော့ရတယ်ခေါင်လန်ဖူးဘက်တက်မရတာ ဟိုတလောဆင်းလာတဲ့ချိန်ကတည်းကလမ်းက စပျက်နေတာဟုတ်တယ်လို့ဟင်းခတ်အမွှေးအကြိုင်(ရှားကော၊ပါးကော)ကုန်ကားမောင်းတဲ့ကားသမားတစ်ဦးကပြောပါတယ်။

ကားလမ်းပိုင်းပြတ်တောက်တာ နှစ်ပတ်ကျော်လာပြီဖြစ်တာကြောင့်လက်ရှိ ခေါင်လန်ဖူးမြို့ပေါ်မှာ အခြေခံစားသောက်ကုန်ပြတ်လပ်လာတာ၊ ကုန်စျေးနှုန်းမြင့်တက်လာတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ယခုနှစ် ဇန်နဝါရီလ ကစပြီးခေါင်လန်းဖူးမြို့နယ်ထဲမှာ ခရီးသည်ဝင်ရောက်ခွင့်ကို ရီဒမ်းဂိတ်ကနေ ဌာနေပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက တားမြစ်ထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ကချင်ပြည်နယ် အမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေကလွဲ ပြီးကျန်တဲ့တိုင်းနဲ့ပြည်နယ်ကမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေဝင်ရောက်ခွင့်တားမြစ်ထားဆဲ ဖြစ်ပါတယ်။

ခေါင်လန်ဖူးပူတာအိုကားလမ်းပိုင်းဟာ မြေသား လမ်းဖြစ်တာကြောင့် နှစ်စဥ်မိုးရွာသွန်းတဲ့ကာလတွေမှာ ကားလမ်းမြေပြိုတာ၊ တံတားကျိုးတာတွေပုံမှန်ဖြစ်ပွားလျက်ရှိပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button