သတင်း

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေဖောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံအောက်ဘက်ကစလို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မတ်လ ၁၉ ရက်နေ့ကစလို့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း စစ်ကောင်စီဘက်က စစ်သားနဲ့ရဲအင်အားအပြည့်သုံးပြီးတော့ မြစ်ကြောင်းတစ်လျှောက် ရှင်းလင်းရေးခေါင်းစဥ်နဲ့ အသေးစားရွှေဖောင်လုပ်ငန်းတွေကို ရွေးပြီးဖမ်းဆီးမီးရှို့ခဲ့တာလို့ဒေသခံအမျိုးသားတစ်ဦး KNG. ကိုခုလိုပြောပါတယ်။

အခုက လူကတော့မဖမ်းဘူး။ စက်တွေသိမ်းတယ်။ ပစ္စည်းတွေသိမ်းတယ် လူတွေကိုမောင်းထုတ်ပြီး မီးရှို့လိုက်တာပေါ့။ ဖောင်တွေကိုပဲလုပ်တယ်။ ကုမ္ပဏီဆိုက်တွေကိုတော့ မမောင်းထုတ်ဘူးတဲ့လို့ပြောပါတယ်။

ခုလို စစ်တပ်ဘက်က ရွှေဖောင်တွေကို မီးရှို့ဖျက်ဆီးရာမှာ ဝါးဖောင်အဟောင်းတွေကိုသာ မီးရှို့ဖျက်ဆီးပြီး ဝါးဖောင်အသစ်တွေကိုတော့ ဖမ်းဆီးသိမ်းဆည်းထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ မြစ်ကြောင်းတစ်‌လျှောက် ရွှေတူးဖော်မှုနောက်ဆုံးအခြေနေနဲ့ ပတ်သက်ပြီး နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။

ရွှေဖောင်လုပ်တာတော့အခုတော့အကုန်လုံးနားထားတာဘဲ။ ဘယ်အချိန်မှပြန်ပြီးတူးလာမလဲမသိဘူး။ သူတို့က တူးခိုင်းလိုက်၊ ပြန်တားလိုက် အဲ့လိုဖြစ်နေတာ။ ရွှေတူးတာတွေကတော့မြစ်ရိုးတစ်လျှောက်ပိုများလာတယ်လို့ဆိုပါတယ်။

အဲ့ဒီရွှေဖောင်လုပ်ငန်းကို တစ်နည်းအားဖြင့ရေ ငုပ်ကျင်းလို့လည်း ဒေသခံတွေကခေါ်ဆိုကြပြီး အဲ့ဒီလုပ်ငန်းဟာ အနည်းဆုံး လူနှစ်ဦးနဲ့ စတင်လုပ်ကိုင်နိုင်ပြီး ပိဿာ ၂၀ ဝန်းကျင် အလေးချိန်ရှိတဲ့ အလေးကိုလွယ်ကာ မြစ်ကြမ်းပြင်ရောက်တဲ့အထိ ရေငုပ်ပြီးနောက် မြေစာတွေကို လေးလုံးထိုး ရှစ်လုံးထိုး မုန်စုပ်စက်တွေနဲ့ စုပ်ယူရတာဖြစ်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ရရှိလာတဲ့မြေစာတွေကို ရွှေမျှော်စင် ရွှေခံစကာပေါ်ကို သွန်ချပြီးတော့ အဆင့်ဆင့် ရွှေရရှိတဲ့အထိ စကာချစစ်ထုတ်ကာ ပြဒါးနဲ့ရွှေကို ဖမ်းယူရတာဖြစ်ပါတယ်။

ရွှေဖောင်တစ်ခု ပြုလုပ်မယ်ဆိုရင် လက်ရှိကုန်ပစ္စည်းတန်ဖိုးတွေအရ ကျပ်သိန်း ၁၅၀ ဝန်းကျင်လောက်ကုန်ကျနိုင်ပြီးတော့ အာဏာမသိမ်းခင် နှစ်တွေမှာတော့ ၁၆ သိန်း ဝန်းကျင်သာကျသင့်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

နေရာအနှံ ရွှေဖောင်နှင့် ကုန်းကျင်း ရွှေတူးဖော်မှုတွေ ပိုတိုးလာပေမယ့် စစ်ကောင်စီကတော့ အသေးစားရွှေတူးဖော်လုပ်ငန်းဖြစ်တဲ့ ရွှေဖောင်တွေကိုသာ ဖျက်ဆီးနေပြီး စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်နဲ့တရုတ်လုပ်ငန်းရှင်တွေ ကျောထောက် နောက်ခံပေးထားတဲ့ စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုတွေကတော့အရင်အတိုင်းရှိနေဆဲဖြစ်သလိုပိုများလာတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဒါ့ကြောင့် ပိုမိုများပြားလာတဲ့ မြစ်ကြီးနားမြို့ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ရွှေတူးဖော်မှုလုပ်ငန်းတွေအပြင် သဘာဝ ပတ်ဝန်းကျင်ကိုပျက်ဆီးစေတဲ့ သဲကျောက်တူးဖော်ရေးလုပ်ငန်းတွေကိုတားဆီးပေးဖို့ မြစ်ဘေးတစ်လျှောက်နေထိုင်တဲ့ဒေသခံ တွေ စုပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကဘဲ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဆီကို ဒေသခံတွေ စာတင်တောင်းဆိုထားကြပါတယ်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်အတွင်း ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် သဲကျောက်ထုတ်ယူတာတွေအပါအဝင် ရွှေတူးဖော်မှုတွေဟာ စစ်ကောင်စီနဲ့လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေတင်မကဘဲ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA စတဲ့ နှစ်ဖက်တပ်တွေရဲ့ ခွင့်ပြုချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button