သတင်း

ကသာတိုက်ပွဲတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမှာ အတင်းအဓ္ဓမတပ်သားစုဆောင်းခံရတဲ့ လူငယ်တစ်ချို့ပါဝင်

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် ပင်လွတ်ကျေးရွာတစ်ဝှိုက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၁ ဦး ထဲမှာ အတင်းအဓ္ဓမစစ်သားစုဆောင်းခံခဲ့ရတဲ့လူငယ်တစ်ချို့ပါဝင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရ အဲ့ဒီစစ်ကြောင်းဟာ ခမရ ၁၀၆၊ ၃၀၉ နဲ့ ခလရ ၆ ပူးပေါင်းအင်အား ၁၅၀ ခန့်ပါတဲ့စစ်ကြောင်းဖြစ်ပြီး ဗိုလ်မှူးလင်းထက် ဦးစီးတာလို့သိရပါတယ်။

ဒီစစ်ကြောင်းဟာ အင်းတော်မြို့နယ်ကို စစ်ကူသွားဖို့ထွက်လာတဲ့စစ်ကြောင်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ အမှတ် ၁ စစ်ဒသ ကွပ်ကဲမှုနဲ့ KPDF၊ ကသာခရိုင်တပ်ရင်း ၁၊ မိုးတားတိုက်နယ်ပကဖ၊ ကသာမြို့နယ်ပကဖ ပူးပေါင်းတပ်ဖွဲ့တွေ က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ဖက်တပ်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပြီး ဒီတိုက်ပွဲအခြေနေကိုသိရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက

အတင်းအဓမ္မစုဆောင်းခံရတဲ့သူတွေလည်းပါတယ်။ မဲပေါက်လို့လိုက်ခဲ့ရတဲ့သူလည်းပါတယ်။ ဖမ်းဆီးရမိတဲ့ထဲမှာ ရာထူး အကြီးပိုင်းတွေတော့မပါဘူး။ ဆေးမှူးတစ်ယောက်ပါတယ်။ ရာထူးကြီးတဲ့သူတွေက တိုက်ပွဲထဲမှာကျသွားတယ်။ အရှင်မမိ လိုက်ဘူးပေါ့လို့ ရှင်းပြပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၃ ဦးအထိသေဆုံးခဲ့သလို စစ်သုံ့ပန်း ၃၁ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပြီး ကာကွယ်ရေးတပ်ဘက်ကတော့ ၂ ဦး အဲ့ဒီတိုက်ပွဲမှာသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်ဖမ်းဆီးခံရသူအများစုဟာ လူငယ်နဲ့လူလတ်ပိုင်းအရွယ်တွေအများစုဖြစ်သလို ကာကွယ်ရေးပစ္စည်းစက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီး တစ်ဖက်မှာတော့ ဖမ်းဆီးရမိသူတွေထဲ အသက်မပြည့်သူတွေလည်းပါဝင်တယ်လို့ သတင်းတွေထွက်နေပေမဲ့ အဲ့ဒီအခြေနေကို KNG က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်မှုထမ်းကြာတဲ့သူက ၅ ယောက်လောက်ပဲပါတယ်။ အများစုက ကပစတွေလို့ပြောတယ်။ လူငယ်တွေများတယ်။ အသက် ၄၀ ကျော်ကနည်းနည်းပဲပါတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကချင်အစပ်မှာရှိတဲ့ စစ်ကိုင်းတိုင်းထဲက ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကချင်ပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့တိုက်ပွဲပြင်းထန်ခဲ့ တဲ့ ၂၀၂၄ ခုနှစ် မတ်လ နောက်ပိုင်း ဂျူလိုင်လလောက်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ကသာမြို့နယ်ဟာ ကချင်ပြည်နယ်ရွှေကူမြို့နယ်နဲ့ကပ်လျှက်မှာတည်ရှိတဲ့မြို့ဖြစ်သလို လက်ရှိ မြို့သိမ်းတိုက်ပွဲပြင်းထန် နေတဲ့ ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့နဲ့လည်းမဝေးလှဘဲ စစ်ရေးအရအရေးပါတဲ့နေရာမှာတည်ရှိတဲ့မြို့လို့ ကာကွယ်ရေးတပ်တွေဘက်ကဆိုကြပါတယ်။

ဧရာဝတီမြစ်ရဲ့အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ ကသာမြို့နယ်မှာ ကချင်ပြည်နယ်နဲ့နယ်ချင်းစပ်မှာရှိပြီး ၂၀၁၄ သန်ခေါင်းစာရင်းအရ လူဦးရေ ၁ သိန်း၆သောင်းရှိပြီး စစ်ကိုင်းတိုင်းထဲက ခရိုင်မြို့လေးတစ်မြို့ဖြစ်သလို ကသာမြို့ကို ကားလမ်း၊ ရထားလမ်းအပြင် ရေကြောင်းလမ်းနဲ့ပါသွားလာနိုင်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button