လဝါးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး ထွက်ပြေး

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် တနိုင်းလီဒိုလမ်း လဝါးကျေးရွာမှာ(Lawa Mare) တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေကို KIA က သွားရောက်ပစ်ခတ်မောင်းထုတ်လိုက်တယ်လို့ သိရပါတယ်။
မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင် တစ်ပတ်ခန့်အကြာ လဝါးကျေးရွာ စာသင်ကျောင်းထဲ တပ်စွဲနေထိုင်တဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIA သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ လဝါးဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။
“စာသင်ကျောင်းမှာ တစ်ပတ်လောက် တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို မနက်ပိုင်း ၇ နာရီလောက်မှာ သွားရောက် တိုက်ခိုက်ခဲ့တဲ့အတွက် အားလုံးထွက်ပြေးသွားကြပြီ။ ဘယ်ဘက်ထွက်ပြေးသွားတာလဲဆိုတော့ အသေးစိတ် မသိရပါဘူး။ လဝါးကျေးရွာ ပတ်ပတ်လည် အားလုံးကို KIA နဲ့ PDF တွေက နေရာပြန်ယူလိုက်ပါပြီ”လို့ပြောပါတယ်။
လဝါးစာသင်ကျောင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေကို KIA တပ်မဟာ (၂) ၊ တပ်ရင်း ၂၀ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂ ကြိမ်ခန့် သွားရောက် ပစ်ခတ်ခဲ့ရာ မနက်ပိုင်း ၁၁ နာရီလောက်မှာ ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။
ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်ခံရပြီးနောက် ဖားကန့်လမ်း ကားမိုင်းမြို့ဘက်ကို ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေပြောပါတယ်။
လဝါးကျေးရွာအတွင်းမှာ ပစ်ခတ်မှုဖြစ်လာတဲ့အတွက် စျေးသည်အမျိုးသမီးတစ်ဦး ထွက်ပြေးရာကနေ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဖားကန့်လမ်းနဲ့ တနိုင်းသွားလမ်းနှစ်စလုံးကို ထိန်းချုပ်ဖို့ရန်အတွက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လဝါးကျေးရွာအနီးတဝိုက်ရှိတဲ့ KIA ဂိတ်စခန်းတစ်ချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လဝါးကျေးရွာထဲက လူနေအိမ်နဲ့ စာသင်ကျောင်းနေရာတွေမှာ တပ်စွဲထားတာကြောင့် တစ်ပတ်ကျော်ခန့်အကြာ နှစ်ဖက်တပ် စစ်ရေးတင်းမာမှုဖြစ်နေတာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ လဝါးကျေးရွာမှာ နှစ်ဖက်တပ် စစ်ရေးတင်းမာမှုဆက်လက်ရှိနေသေးတာဖြစ်တဲ့အတွက် ဒေသခံအားလုံးနီးပါးခန့်က မိုးကောင်း၊ နမ္မတီးမြို့ကြီးနေရာတွေမှာ ဆက်လက်တိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။
မတ်လ ၂၄ ရက်နေ့မှာ ဖားကန့်သွားပေါ်က KIA လက်လွတ်လိုက်ရတဲ့ မအူပင်ကျေးရွာက KIA ဂိတ်စခန်းတစ်ခုကိုလည်း ပြန်လည်သိမ်းပိုက်ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။
လဝါးကျေးရွာဟာ မြစ်ကြီးနား – နမ္မတီးကားလမ်းမကြီးအတိုင်းတက်လာတဲ့ ဖားကန့် – တနိုင်းသွားတဲ့ ဘက်ကိုသွားတဲ့ လမ်းဆုံနှစ်ခုကြားမှာ တည်ရှိတဲ့ကျေးရွာတစ်ခုဖြစ်ပြီးတော့ ယာဉ်ရပ်နားစခန်းနေရာတစ်ခုလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)