မြစ်ကြီးနားမြို့မှာ ဓါးပြတစ်ဦးဖမ်းဆီးရမိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဓားပြတစ်ဦးဖမ်းဆီးရမိတယ်လို့ စီတာပူရပ်ကွက်နေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
ဖြစ်စဉ်မှာ ဧပြီလ ၁ ရက် မနေ့ည ၈ နာရီဝန်းကျင် မြစ်ကြီးနားမြို့ မနောကွင်းရှေ့ ဖြတ်သန်းသွားလာနေတဲ့သူတွေကို ဓားကိုင်ထားတဲ့ လူတစ်စု ဓားမြတိုက်နေချိန် အနီးတစ်ဝိုက်ပြည်သူတွေ တွေ့ပြီး လိုက်လံဖမ်းဆီးရာအသက်၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရတာလို့ စီတာပူဒေသခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။
“ဓားနဲ့လိုက်ထိုးတာ အထိုးခံရတဲ့သူက အင်္ကျီမှာထိသွားတယ်ထင်တယ်။ အဲမှာတွေ့တဲ့သူတွေက ဓားမြတိုက်တာတွေ့ပြီး လိုက်ရိုက်တာ။ သူတို့ ဆိုင်ကယ်နဲ့အကုန်ထွက်ပြေးသွားပြီး ဆိုင်ကယ်ကနေကျခဲ့တဲ့ သူကိုတော့ ဖမ်းဆီးရမိခဲ့တယ်”လို့ ဆိုပါတယ်။
ဖမ်းဆီးခဲ့တဲ့သူကို ပြည်သူတွေကနေပြီးတော့ မေးမြန်းကြည့်ရာ ရမ်ဘူရပ်ကွက်ကလို့ သိရပြီး သူနဲ့အတူ ဝိုင်းမော်က တစ်ဦး၊ မိုင်းနားက တစ်ဦး၊ တပ်ကုန်းရပ်ကွက်က နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။
ဒေသခံတွေပြောချက်အရ မနေ့ညနေမနောကွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ရန်ပုံငွေရှာပွဲကျင်းပနေကြတာဖြစ်ပြီး အဲဒီက ပြန်လာတဲ့သူတွေကို စောင့်ဆိုင်းပြီး ဓားပြတိုက်တာဖြစ်နိုင်တယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦး သုံးသပ်ပြောဆို နေကြပါတယ်။
“အမှန်တော့ ပွဲလုပ်လို့ ရှိရင်တော့ လုံခြုံရေးတွေ ရှိရမှာပေါ့ အဲက လုံခြုံရေးတွေ အလုပ်သေချာမလုပ်တော့ ခုလို မြို့ပေါ်မှာကို ဓားတွေနဲ့ လုပ်နေကြတော့ ကိုယ့်ရဲ့ မိသားစု နဲ့ ကိုယ်သွားလာရတဲ့အချိန် စိုးရိမ်နေရတာပေါ့”လို့ သူက ဆက်ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ တရားခံကိုတော့ အဲဒီညမှာဘဲ ရပ်ကွက်အုပ်ချုပ်မှူးတွေ လာရောက်ထိန်းသိမ်းသွားတယ်လို့ သိရပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရှိရသေးပါဘူး။
မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖော်ဖော်ဝါရီလ နှစ်လ အတွင်း ဓားမြတိုက်မှုအပါအဝင် အကြမ်းဖက်သတ်ဖြတ်မှုကြောင့်
အမျိုးသား ၃ဦး၊ အမျိုးသမီး ၄ ဦးထိ သေဆုံးတဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။
By – Hope