
ကချင်အစပ် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးကို မနေ့က ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုအတည်ပြုပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၈ လနီးပါးကြာမြင့်ခဲ့ပြီး အရင်းနှီးကြီးခဲ့တဲ့တိုက်ပွဲဖြစ်သလို တစ်ဖက်မှာ ကြီးမားတဲ့စစ်ရေးအရအောင်မြင်မှုလို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။
မြို့ပေါ်ရပ်ကွက်တွေကို တိုက်ပွဲစဖြစ်တဲ့ ပြီးခဲ့တဲ့နှစ်ကတည်းကသိမ်းပိုက်ထားတဲ့ တော်လှန်ရေးအင်အားစုတွေဟာ မြို့တွင်းမှာ နောက်ဆုံးကျန်တဲ့ ဂျပန်လှိုဏ်ဂူလို့ခေါ်တဲ့ စစ်ကောင်စီအထိုင်ချတပ်စခန်းကိုတိုက်ခိုက်အပြီးမှာတစ်မြို့လုံးကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဒီတစ်ခေါက်က ဧပြီလ ၁ ရက်နေ့ကနေပြန်ပြီးအပြန်အလှန်ဖြစ်ကြတာဟုတ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် တစ်ပတ်လောက် ကြာသွားတဲ့သဘောဖြစ်တာပေါ့နော်။ မနေ့ညက ၈ နာရီနဲ့ ၉ နာရီကြားလောက်မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ။ အခုဆိုရင် အင်းတော်တိုက်ပွဲက ၈ လပြည့်ဖို့ ၈ ရက်ဘဲလိုတော့တာဟုတ်တယ်”လို့ပြောပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ NUG လက်အောက်ခံ စစ်ကိုင်းအထူးတပ်ရင်း ၁၊ တပ်ရင်း ၁၀၊ကသာတပ်ရင်း ၂၊ ကျောင်းသားတပ်မတော် ABSDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာလက်နက်တစ်ချို့အပါအဝင်၊ လက်နက်ခဲယမ်းအမြောက်အများနဲ့ စစ်သုံ့ပန်းတစ်ချို့လည်း ဖမ်းဆီးရမိခဲ့တယ်လို့သိရပေမယ့် အရေအတွက်အသေးစိတ်ကို တော့မသိရသေးပါဘူး။
ကချင်ပြည်နယ်ရဲ့ဝင်ပေါက် နန့်စီးအောင်မြို့နဲ့ ၂၇ မိုင်အကွာမှာတည်ရှိတဲ့ အင်းတော်မြို့ဟာ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်နဲ့ မန္တလေး–မြစ်ကြီးနားရထားလမ်းမပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။
ဒီလိုအချက်အချာကျတဲ့နေရာတစ်ဝှိုက်မှာရှိတဲ့ အင်းတော်မြို့ကိုသိမ်းပိုက်လိုက်နိုင်တာဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ဒေသတွေကိုစစ်ရေးအရခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ကိုင်တပ်နှစ်ဖက်စလုံးအတွက်အရေးပါတဲ့မြို့လို့ အင်းတော် မြို့သိမ်းစစ်ဆင်ရေးမှာပါဝင်ခဲ့သူတစ်ဦးကသုံးသပ်ပါတယ်။
“အင်းတော်က ကျမတို့မြန်မာပြည် စစ်ကိုင်းတိုင်းအထက်ပိုင်းအတွက် လုံးဝအရေးပါတဲ့ဗျူဟာထိုင်ထားတာပါ။ အင်းတော် ယိုင်ပြီဆိုတာနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့အခြားနေရာတွေအတွက်လည်း ကျမတို့တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ဖို့ ပိုပြီးအခွင့်များတယ်။ ပြီးရင်အင်းတော်မှာ ဟောင်ဝစ်ဇာအထိုင်ချထားတာဖြစ်တဲ့အတွက် အင်းတော်ကိုအရင်သိမ်းနိုင်မှဘဲ တစ်ခြားမြို့တွေကိုသိမ်းနိုင်မှာ ရန်သူ့အတွက်လည်းအရေးပါတယ်။ ကျမတို့အတွက်လည်းအရေးအပါဆုံးမြို့လို့ပြောလို့ရ တယ်”လို့ပြောပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲစတင်တဲ့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစလို့ တိုက်ပွဲကြောင့် မြစ်ကြီးနား – မန္တလေးကားလမ်းကို ကာကွယ်ရေးတပ်တွေဘက်ကသွားလာခွင့်ပိတ်ထားပြီး ကားသမားတွေဟာ တောလမ်းကိုအသုံးပြုပြီး သွားလာနေကြရတာပါ။
ဒီတစ်ကြိမ်အင်းတော်မြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်နိုင်ခဲ့အပြီး အမျိုးသားညီညွှတ်ရေးအစိုး NUG နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်းထဲမှာ ထိန်းချုပ်သိမ်းပိုက်ထားတဲ့မြို့၄ မြို့အထိရှိလာပြီဖြစ်ပါတယ်။
အဲ့ဒီမြို့တွေကတော့ ခမ်းပတ်၊ရွှေပြည်အေး၊ပင်လည်ဘူးနဲ့ ဧပြီလ ၇ ရက်နေ့မနေ့ကဘဲသိမ်းပိုက်နိုင်ခဲ့တဲ့ အင်းတော်မြို့တို့ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှာတော့ စစ်ကောင်စီလက်အောက်ကနေ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့မြို့ပေါင်း ၁၀၀ ဝန်းကျင်အထိရှိလာပြီဖြစ်ပါတယ်။
By – အမိုး