မိုးညှင်းမြို့၊ဘီလူးမြို့အပါအဝင် ရွာ ၂ ရွာကို SNA ပူးပေါင်းတပ်က အဝင်အထွက်ကန့်သတ်

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ဘီလူးမြို့အပါအဝင် ရွာ ၂ ရွာကို SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ကအဝင်အထွက် ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧပြီလ ၃ ရက်နေ့ မိုးညှင်းမြို့တွင်း ဗုံးပေါက်ကွဲမှု၊ ဧပြီလ ၇ ရက်နေ့ ဘီလူးမြို့၊ မြို့ဟောင်းရပ်ကွက် ဒရုန်းတစ်စင်းကျမှုကြောင့် မိုးညှင်းမြို့၊ ဘီလူးမြို့နဲ့အနီးဝန်းကျင်ရှိ အုန်းစံဆိုင်ရွာ၊ပင်းဟဲရွာ အဝင်အထွက်ကို ကန့်သတ်နေတာဖြစ်တယ်လို့ အုန်းစံဆိုင်ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။
“ဒရုန်းကျလို့ဆိုပြီးပြောတယ်။ အဲကြောင့် ခုအရမ်းစစ်တယ်။ ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်ကြရင် ရွာကလူတေပိတ်မိမှာဘဲ စိုးရိမ်နေကြတယ်။ ခုရွာအဝင်ထွက်လည်း အရမ်းစစ်ဆေးတယ် ည ၆ နာရီဆို ဝင်ထွက်မရတော့ဘူး”လို့ ပါတယ်။
ဘီလူးမြို့က မြို့ဟောင်းရပ်ကွက်မှာ ဒရုန် ၁ စင်းကျရောက်ပြီး ဗုံးဆံနဲ့ ဆက်စပ်ပစ္စည်းတွေလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဘီလူးမြို့ပြည်သူတွေပြောပါတယ်။
အုန်းစံဆိုင်ကျေးရွာဟာ မိုးညှင်းမြို့နှင့် ၆ မိုင်အကွာမှာတည်ရှိပြီး အင်းတော်ကြီးသို့သွားရာလမ်းကြောမှာ ရှိတာကြောင့် KIA၊ PDF အဖွဲ့ များနှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့ များ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၃ ရက် မိုးညှင်းမြို့သို့ စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ်ခက်ထိန်နန် လာရောက်စဉ် မြို့တွင်းဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လုံခြုံရေးပေးနေတဲ့ SNA တပ်သား၂ဦးနှင့်ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနောက် မိုးညှင်းမြို့အဝင်အထွက်လည်း SNA ပူးပေါင်းတပ်က ကန့်သတ်စစ်ဆေးတာတွေ ပိုလုပ် ဆောင်လာတယ်လို့ မိုးညှင်းမြို့ ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“ခုမြို့အဝင်ထွက်မှာ စစ်ဆေးနေတုန်းပဲ ဟိုနေ့ပေါက်ကွဲမှုဖြစ်ကတည်းက ပိုစစ်လာတယ်”လို့ပြောပါတယ်။
မိုးညှင်းမြို့တွင်း၊မြို့ပြင်မှာ ဧပြီလ ၂၊၃ ရက်အတွင်း SNA နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ရဲ့ တပ်သားစု ဆောင်းမှုကြောင့် လူငယ် ၅၀ ဝန်းကျင်ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
အဲဒီထဲငွေကြးတတ်နိုင်သူတွေက တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀ နဲ့ ရွေးယူနိုင်ပေမယ့် အများပိုင်းဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
မိုးညှင်းမြို့ဟာ မြစ်ကြီးနား – မန္တလေးပြည်ထောင်စုလမ်းမပေါ် ရှိပြီး SNA၊စစ်တပ်၊ KIA၊KPDF တပ်တို့ အဓိက စစ်ရေးလှုပ်ရှားကြတာဖြစ်ပါတယ်။
By – CJ