
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလွှတ်မြောက်သွားတဲ့တပ်မမှူးနဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ကသာမြို့နယ်တစ်နေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ KNG ကစုံစမ်းသိရပါတယ်။
အင်းတော်မြို့ဟာ စစ်ကောင်စီရဲ့ တပ်မ ၇၇ ရှေ့တန်းဌာနချုပ်အခြေစိုက်တဲ့မြို့ဖြစ်ပြီး ဧပြီလ ၇ ရက်နေ့ ညပိုင်း ၈ နာရီဝန်းကျင် မြို့ကို တော်လှန်ရေးပူးပေါင်းတပ်သိမ်းလိုက်တဲ့နောက် အဲ့ဒီတပ်မမှူးနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းစွန့်ဆုတ်ခွာသွားခဲ့တာလို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၈ ရက်နေ့ မနေ့ညပိုင်းမှာတော့ အဲ့ဒီတပ်မမှူးနဲ့အဖွဲ့ကိုဖမ်းဆီးရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပါတယ်။
“မနေ့ညကဘဲဖမ်းမိတာတော့ဟုတ်တယ်။ ဘယ်လိုလဲတော့သေချာမသိဘူး။ ထွက်ပြေးလာတဲ့အဖွဲ့ ၁၀၀ ကျော်တယ် ပြောတယ်။ ဒါပေမဲ့ မနက်ကဘဲ စကားပြောပြီး လူကြီးပိုင်းကိုလွှဲလိုက်ပြီပြောတယ်။ အင်းတော်မြို့ကလည်း တပ်မမှူး ထိုင်ထားတာ။ ဗျူဟာထိုင်ထားတာကို”လို့ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ တပ်မမှူးနဲ့အဖွဲ့ကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဆီတိုက်ရိုက်လွှဲပြောင်းလိုက်ကြောင်းသိရပြီး ဘယ်လို ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကိုတော့မသိရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
အင်းတော်မြို့ကိုသိမ်းပိုက်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး ထိုးစစ်စခဲ့တာဖြစ်ပြီး ၈ လနီးပါးအကြာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာဘဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီမြို့သိမ်းတိုက်ပွဲကို NUG ရဲ့ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ က အထူးစစ်ကြောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ရွှေဘို၊ ပြင်ဦးလွင်၊ ကလေး၊ မြင်းခြံ၊ ပခုက္ကူ ဒေသတွေ မှာ ရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ကျောင်းသားတပ်မတော် ABSDF တို့က ပူးပေါင်းပါဝင်ခဲ့တယ်လို့ NUG က ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ ၂ လက်၊ ၁၂၀ မမ ၂ လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် နဲ့ ခဲယမ်းမီးကျောက် အများအပြား သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပုံနဲ့တကွသတင်း ထုတ်ပြန်ထားပါတယ်။
အင်းတော်မြို့နယ်ဟာ ကချင်ပြည်နယ်ဝင်ပေါက် နန့်စီးအောင်မြို့နဲ့ ၂၇မိုင်အကွာမှာဘဲတည်ရှိသလို မန္တလေး–မြစ်ကြီးနား ရထားလမ်း၊ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်မှာတည်ရှိတဲ့မြို့ကြီးဖြစ်ပါတယ်။
ဒီတစ်ကြိမ် အင်းတော်မြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်အပြီးမှာတော့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းအဖွဲ့တွေသိမ်းပိုက်ထားတဲ့မြို့ စစ်ကိုင်းတိုင်းထဲမှာ ၄ မြို့အထိရှိလာပြီး နိုင်ငံတစ်ဝှမ်းမှာတော့ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့မြို့ပေါင်း ၁၀၀ ဝန်းကျင်အထိရှိလာပြီ ဖြစ်ပါတယ်။
By – အမိုး