စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံကို သေဒဏ်စီရင်လိုက်ပြီလို့ KIO ပြော

KIO ဌာနချူပ်လိုင်ဇာမြို့အနီး ဂျေယန်စစ်ဘေးရှောင်စခန်းက မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူတရားခံကို KIO တရားရုံးက သေဒဏ်ချမှတ်ပြီး အမှုစီရင်ပြီးပြီလို့ ဆိုပါတယ်။
စစ်ရှောင်မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲသတ်ဖြတ်တာအပြင် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့တရားခံဦးအုန်းဆောင်းဒွဲအောင်ကို တရားရုံးကနေ သေဒဏ်အဖြစ်တရားစီရင်ချက်ချမှတ်ထားတဲ့အတိုင်း ဧပြီလ ၇ ရက်နေ့မှာ တရားခံကို သက်ဆိုင်ရာကနေသေဒဏ်စီရင်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောပါတယ်။
“တရားခံအတွက် အသနားခံစာရေးဖို့ အခွင့်တော့ပေးခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့အသနားခံစာမအောင်လို့ တရားရုံးကနေ ဆုံးဖြတ်စီရင်ချက်ချထားတဲ့အတိုင်း မနေ့က ဧပြီ ၇ ရက်နေ့မှာ သက်ဆိုင်ရာကနေ သူ့ကိုသေဒဏ်ပေးလိုက်ပြီဖြစ်တယ်။ ကလေးငယ် ၃ ဦးကို သတ်ဖြတ်လိုက်တဲ့ အမှုက မနေ့က ဧပြီ ၇ ရက်နေ့အဆုံးသတ်လိုက်ပြီ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူ တရားခံကို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က တရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၄ (ပြန်ပေးဆွဲမှု) အရ ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၃၇၆ ( အဓမ္မပြုကျင့်မှု) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂၀ နှစ် ၊ ပုဒ်မ ၃၀၂–၁/ ခ ( ကြံရွယ်မှုရှိရှိ လူသတ်မှု) အရ သေဒဏ်စတဲ့ အဓိက ပုဒ်မ ၃ ခုနဲ့ သေဒဏ်အဖြစ် တရားစီရင်အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။
တရားရုံးကနေ တရားစီရင်ချက်ချမှတ်လိုက်ပြီး ၇ ရက်အတွင်း တရားခံအတွက် အသနားခံစာတင်ဖို့ အခွင့်အရေးပေးခဲ့တာဖြစ်ပေမဲ့ အသနားခံစာ မအောင်မြင်ပဲ ပယ်ဖြတ်ခြင်းခံရတာကြောင့် ပြစ်မှုကျူးလွန်သူကို သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဂျေယန့်စစ်ဘေးရှောင်စခန်းကအသက် ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် ၃ ဦးဟာ လမ်းခုလတ်ကနေ ပြန်ပေးဆွဲခံခဲ့ရပြီး တောတွင်းတစ်နေရာမှာသတ်ဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
သတ်ဖြတ်ခံခဲ့ရသူ ကလေးငယ် ၃ ဦးဟာ မနန်းဇိန်းဂျီးအောင် ( အသက် ၁၀ နှစ်)၊မဖောင်ယမ်ဆွတ်ဆိုင်းအိန် ( အသက် ၁၁ နှစ်) နဲ့ မလထောက်ရွယ်ဂျီ( အသက် ၁၀ နှစ်) တို့ဖြစ်ပြီးသူတို့ကို သတ်ဖြတ်ခဲ့တဲ့ တရားခံ အသက် ၂၅ နှစ်အရွယ် ဦးအုန်းဆောင်းဒွဲအောင်ကို ၃ ရက်အကြာမှာ သက်ဆိုင်ရာတွေဘက်က ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီအမှုကို လိုင်ဇာမြို့ ရဲတပ်ဖွဲ့မှူး ဒူဂျွမ်လထော်မျိုးအောင်က တာဝန်ယူပြီး တရားလိုအဖြစ် ပုဒ်မ ၆ ခုနဲ့ အမှုဖွင့် တရားစွဲဆိုခဲ့ကာ မတ်လ ၄ ရက်နေ့မှာ သီးခြားတရားရုံးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မတ်လ ၁၇ ရက်နေ့ကစပြီး ဒီအမှုကို စတင်စစ်ဆေးခဲ့ကြပြီး မတ်လ ၂၉ ရက်နေ့မှာတရားရုံးကနေ စီရင်ချက်ချ အမိန့်ချမှတ်လိုက်ခြင်းတယ်လို့ ဆိုပါတယ်။
ဆရာဝန်တွေရဲ့ ဆေးစစ်ချက်အဖြေအရ တရားခံဟာ မိန်းကလေးငယ်တွေကို မုဒိမ်းမှုပါကျူးလွန်ခဲ့ကြောင်း စစ်ဆေးချက်အဖြေထွက်ရှိခဲ့တယ်လို့ သိရပါတယ်။
“ဒီအမှုကိုတော့ တရားသူကြီးအဖွဲ့တွေ သီးခြားအဖွဲ့ဖွဲ့စည်းပြီး လွတ်လပ်တဲ့ တရားစီရင်ထုံးနဲ့ပြုလုပ်ခြင်းဖြစ်တယ်။ အားလုံးလက်ကိုင်သုံးစွဲတဲ့ ဥပဒေပုဒ်မတွေနဲ့ အညီ တရားစီရင်ချက် ချလိုက်ခြင်းဖြစ်တယ်။ KIO ဟာ ဒီလိုအရေးကြီးတဲ့ အမှုကြီးတွေကိုဆိုရင် သီးခြားတရားရုံးဖွဲ့ပြီးလွတ်လပ်တဲ့ တရားစီရင်ရေး ထုံးတမ်းကိုသုံးပြီး လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ပြောလိုတယ်။ ဖုံးဖိ၊ ဖုံးကွယ်ထားခြင်းမရှိပဲ အမှုစီရင်ချက်ချမှတ်ချိန်မှာလည်း တာဝန်ရှိသူတွေရဲ့ ရှေ့၊ ပြည်သူရှေ့မှာတင်တရားစီရင်ချက်ချမှတ်ခြင်းဖြစ်ပါတယ်”လို့ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။
ဂျေယန့် စစ်ဘေးရှောင်စခန်းက မိန်းကလေး ၃ ဦး သတ်ဖြတ်ခံရမှုကို KIO အစိုးရ တာဝန်ရှိသူတွေဘက်က အခုလို တရားစီရင်လုပ်ဆောင်ခြင်းအပေါ် ဥပဒေရေးရာကျွမ်းကျင်သူကချင်ရှေ့နေအမျိုးသမီးတစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။
“အရင်ကတော့ Penal Code ဆိုတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ တရားစီရင်တာတွေသိပ်မတွေ့ရပါဘူး။ အခုနောက်ပိုင်းတော့ ဒါကို လက်ကိုင်သုံးစွဲလာတာတွေ့ရတယ်။ အရင်အင်္ဂလိပ်ခေတ်ကတည်းက သုံးခဲ့တဲ့ လက်ရှိမြန်မာနိုင်ငံက တည်ဆဲဥပဒေ ပုဒ်မ တွေနဲ့တရားစီရင်လာတာကို တွေ့ရပါတယ်။ တရားစီရင်ရေးကို ထိထိရောက်ရောက်လုပ်ဆောင်လာတာတွေ့ရတော့ KIO ရဲ့ တရားစီရင်ရေး အရမ်းကောင်းလာပြီလို့ပြောချင်ပါတယ်။ ကျမတစ်ယောက်အနေနဲ့ အလေးအမြတ်ပြုတယ်။ ဒီထက်ပိုမိုကောင်းမွန်လာအောင်လည်း ဆက်လက်လုပ်ဆောင်သွားသင့်တယ်လို့ မြင်ပါတယ်”ဟု သူမကပြောပါတယ်။
ဒီနောက်ပိုင်း ကချင်လွတ်လပ်ရေးအစိုးရ KIO ရဲ့ တရားစီရင်ရေးမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့အညီ ထိရောက်တဲ့ တရားစီရင်ရေးဘက်ကို ဦးတည်လုပ်ဆောင်လာတာတွေ့ရတယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ခြိမ်းခြောက်မှုအပါအဝင် လင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ၊ မုဒိမ်းမှုကျူးလွန်သူ တရားခံတစ်ဦးကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO တရားရုံးအဖွဲ့မှ သက်ဆိုင်ရာ တရားဥပဒေပုဒ်မနဲ့အညီ ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အဲဒီလို ပြစ်မှုကျူးလွန်သူတွေကို အမှုစီရင်ခဲ့မှုတွေထဲမှာ ဒီတစ်ခေါက်ရဲ့ ပြစ်ဒဏ်ကတော့ KIO ရဲ့တရားစီရင်ရေးမှာ ပထမဆုံးအပြင်းထန်ဆုံး တရားစီရင်ခြင်းပုံစံဖြစ်တယ်လို့ ဆိုပါတယ်။
“ဥပဒေရေးရာကို ကျွမ်းကျင်တဲ့ သူတွေနဲ့ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ဆောင်သွားနိုင်ရင်တော့ပိုမိုကောင်းမွန်လာလိမ့်မယ်။ဒီထက် ပိုပြီး ကျမတို့ဟာ ဥပဒေရေးရာကိုလည်း သိကျွမ်းတဲ့သူတွေကိုနေရာချမှတ်ပေးပြီး တရားရုံးကိုတော့ တရားရုံးပုံစံနဲ့ သွားနိုင်ရင် ပိုကောင်းမွန်လိမ့်မယ်လို့ပြောချင်တယ်။ လိုအပ်ရင် လိုအပ်သလို လူတွေ မွေးထုတ်တဲ့လုပ်ငန်း စဉ်ဆက်မပြတ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တော်လှန်ရေးကာလဆိုပေမဲ့ တစ်ဖက်တစ်လှမ်းကနေအရေးပါတဲ့လူတွေကို မွေးထုတ်တဲ့ လုပ်ငန်းလုပ်ရ မယ်။ အရမ်းတောင်နောက်ကျနေပြီလို့ပြောလို့ရပါတယ်။တရားရေးမာန်တိုင်ဟာ အရမ်းအရေးကြီးတယ်၊ တရားရေးမာန်တိုင်ကိုမြှင့်တင်တာဟာ KIO အစိုးရရဲ့ သိက္ခာလည်း ဖြစ်ပါတယ်”လို့ ဥပဒေရေးရာကျွမ်းကျင်သူကချင်ရှေ့နေအမျိုးသမီးက ပြောဆိုထားပါတယ်။
ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ဘက်က အမှုခင်း ကိစ္စ၊ မြေယာပြဿနာ စသဖြင့် လူမှုရေးနဲ့သက်ဆိုင်တဲ့ ပြဿနာတွေ၊ အမှုတွေကို တချို့ကတော့ KIO ဌာနချုပ်ထံတိုက်ရိုက်လျှောက်တင်ရတာမျိုးတွေ၊ သက်ဆိုင်ရာ ဒေသတွင်း KIO ရုံးတွေထံလျှောက်တင်လာတာမျိုးတွေကိုဆိုရင် ပြဿနာကို လူမှုရေးအရပဲ ဖြေရှင်းပြီးစီးလိုက်တာတွေများစွာရှိတယ်လို့လည်း သူမက ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က မုဒိမ်းမှုတစ်ခုကို တရားလိုတွေဘက်က KIO အစိုးရထံ အမှုလျှောက်တင်ခဲ့ရာမှာမုဒိမ်းမှုကျူးလွန်သူ တရားခံကို KIO ဘက်က ထောင်ဒဏ် ၆ လ ချမှတ်ပြီး ပြန်လွတ်မြောက်စေခဲ့တာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေတွင် KIAတပ်သားတစ်ဦးကို သတ်ဖြတ်ပြီး သူရဲ့ဇနီးဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ တရားခံကိုသက်ဆိုင်ရာ KIO က ဖမ်းဆီးအရေးယူရာမှာ ထိရောက်တဲ့ အရေးယူဖြေရှင်းမှု မဖြစ်ခဲ့ဘူးလို့ဒေသခံတွေပြောဆိုပါတယ်။
ယခင်က KIO အစိုးရဟာ အမှုကိစ္စတွေနဲ့ ပြဿနာမှန်သမျှကို ဖြေရှင်းပေးရေးအတွက် တရားသူကြီးအဖွဲ့ထဲမှာ KIO အုပ်ချူပ်ရေးဌာနက တာဝန်ရှိသူတွေ၊ တိုက်နယ်ရုံးထဲက သူတွေကိုသာ ကိစ္စရပ်တိုင်းမှာတွေ့မြင်ရတာမျိုးတွေ၊ ပြဿနာတွေကို ဒီလိုပုံစံနဲ့ ဖြေရှင်းနေတာမျိုးတွေ များစွာတွေ့ရပါတယ်။
ဒါပေမဲ့ ဒီနောက်ပိုင်း ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့အညီ အမှုစီရင် လုပ်ဆောင်လာတာဟာ KIOရဲ့ တရားစီရင်ရေး ပိုမိုကောင်းမွန်လာစေတာဖြစ်သလို ရှေ့ဆက်ပြီးလည်း ဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့ တရားရုံးဆိုင်ရာ အဆင့်ဆင့်ဖွဲ့စည်းပြီးတရားဥပဒေစိုးမိုးရေးအတွက် စနစ်တကျ လုပ်ဆောင်ပေးနိုင်ဖို့ ပြည်သူလူထုက မျှော်လင့်ကြောင်း ပြောဆိုနေကြပါတယ်။
By – ဂျာဘောက်ရာ