စစ်ပြေးဒုက္ခသည်များသတင်း

တနိုင်းလီဒိုလမ်းမပေါ်ရှိ ကျေးရွာ ၄ ရွာက စစ်ဘေးရှောင်များ နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာ အခက်ကြုံနေ

ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ  ဝါရာဇွပ် နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်များ နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာအခက်ကြုံနေတယ်လို့ စစ်ရှောင်များထံကနေ သိရပါတယ်။

တနိုင်းလီဒိုလမ်းမပေါ် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့မင်းဇေသန့်ပြည်သူ့စစ်တပ်တို့အကြား ဇန်နဝါရီလစတင်လာတဲ့ တိုက်ပွဲကြောင့် ဝါရာဇွပ်ဒေသခံတွေအပါအဝင် ကွမ်စိုင်ယန်၊ ဒွမ်ဘန်၊ လဝါးစတဲ့ကျေးရွာတွေထဲက ဒေသခံပြည်သူအများပိုင်း‌ တောမှာ ကတုတ်ကျင်းတူးပြီး မိုးကာတဲတွေနဲ့ တိမ်းရှောင်နေသူတွေရှိသလို နမ္မတီးမြို့ပေါ် ရှိ လမ်းခွ၊ ကံလှ၊ ဝအောင် ကျေးရွာ တိမ်းရှောင်ခိုလှုံနေကြတဲ့အတွက်  နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာ အခက်ကြုံနေကြတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေထံကနေ သိရပါတယ်။ 

တစ်ချို့က တိုက်ပွဲစဖြစ်လာချိန် ကြိုတင်မထွက်ပြေးနိုင်ခဲ့တော့ တိုက်ပွဲပြင်းထန်လာမှ တောတွေထဲရှောင်ပြေးသွားကြတဲ့သူတွေရှိတယ်။ အခက်ခဲဆုံးကတော့ တောတွေထဲ တိမ်းရှောင်နေကြသူတွေဖြစ်လိမ့်မယ်။ အခုက မိုးမရွာသေးလို့ ခံသာသေးပေမဲ့ ခြင်ထောင်တွေမပါ၊ အိပ်ယာတွေ မပါတော့ညတွေမှာ အရမ်းခက်ခဲလိမ့်မယ်။အစားအသောက်လည်း သူတို့နိုင်သလောက်ပဲ ထမ်းခဲ့တာဆိုတော့ အချိန်ကြာလာရင် ခက်ခဲလိမ့်မယ်။လို့ စစ်ဘေးရှောင်ကူညီနေသူ Latau Zau Lat က KNG ကို ပြောပါတယ်။

တိုက်ပွဲကြောင့် တောထဲတိမ်းရှောင်နေကြရတဲ့ လဝါး၊ မဂေါင်တောင်ကျေးရွာက ဒေသခံပြည်သူတွေကိုတော့ ဧပြီလ ၅ ရက်နေ့ ဘာသာာရေးအဖွဲ့စည်းကနေ သွားရောက်ကူညီကယ်ဆယ်မှုတွေကြောင့် နမ္မတီးမြို့ ၀အောင်အသင်းတော်ဘုရားကျောင်းဝင်းထဲရောက်ရှိနိုင်ခဲ့ပြီလို့သိရပေမယ့် ဝါရာဇွပ်ကျေးရွာဒေသခံတွေအပါအဝင် တောထဲ စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတချို့လည်း ကျန်နေသေးတယ်လို့ ဆက်လက်သိရပါတယ်။

လက်ရှိ နမ္မတီးမြို့ RC ဘုရားကျောင်းဝင်းထဲမှာလည်း လဝါးကျေးရွာက ထွက်ပြေးလာသူ စစ်ဘေးရှောင် အိမ်ခြေ ၁၃၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး တခြားနေရာတွေမှာ တိမ်းရှောင်နေသူတွေအပါအဝင် လီဒိုလမ်းမတစ်လျှောက်မှာ စစ်ဘေးရှောင်ထောင်ဂဏန်းရှိတယ်လို့ သိရပါတယ်။ 

လတ်တလော နမ္မတီးမြို့ထဲ တိမ်းရှောင်လာသူတွေထဲမှာ တချို့က ဆွေမျိုးအိမ်တွေမှာ စားသောက်ပြီး ဘုရားကျောင်းဝင်းတွေမှာ အိပ်ကြတာကြောင့် ရက်ကြာလာရင် စစ်ဘေးရှောင်တွေအတွက်နေရာထိုင်ခင်းနဲ့အစားအသောက် ပိုမိုအခက်တွေ့လာနိုင်တယ်လို့ ဆိုပါတယ်။ 

အချိန်ကာလကြာလာရင်တော့ တော်တော်ခက်မှာ။ သူတို့ပြောနေတာက ၂ ပတ်လောက်ပဲလို့ပြောနေတယ်။ ဒါပေမဲ့ တိုက်ပွဲဆိုတာက ၁ ပတ် ၂ ပတ်နဲ့ ပြီးမယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး။၂၀၁၁ ကတည်းကနေ အခု နှစ်ချီကြာသွားတာဆိုတော့ စစ်ဘေးရှောင်တွေ ထင်နေတဲ့ ၂ ပတ်လောက်က ၂လလည်း ဖြစ်သွားနိုင်တယ်။ ၂ နှစ်လည်း ဖြစ်သွားနိုင်တာကြောင့် အစားအသောက်နဲ့ ဆေးဝါးတွေတော့ အရေးပေါ် လိုအပ်နေပါတယ်။ နေရာထိုင်ခင်းတွေအတွက် အသင်းတော်တွေက ကူညီပေးနေပြီးဆွေမျိုးတွေမှာ ခိုလှုံနေတဲ့သူတွေလည်း အချိန်ကြာလာတော့ ဆွေးမျိုးတွေလည်း ခံနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အသင်းတော်အဖွဲ့အစည်းတွေက သတ်မှတ်ပေးတဲ့နေရာတွေမှာ ခိုလှုံလာနိုင်တယ်လို့စစ်ဘေးရှောင်တွေကို တစ်ဖက်တစ်လှမ်းက ကူညီမှုပေးနေသူ ဆရာ Latau Zau Lat ကဆက်ပြောပါတယ်။

လဝါးကျေးရွာထဲမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကို KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ သွားရောက်ပစ်ခတ် တိုက်ထုတ်လိုက်ပြီးနောက်ဧပြီလ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ရွာကိုဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လဝါးဒေသခံတွေက ပြောပါတယ်။

လေယာဉ်ဗုံးကြောင့် လဝါးကျေးရွာအတွင်း စာသင်ကျောင်းနဲ့ နွား ၉ ကောင်အပါအဝင် တစ်ခြားအရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးမှုများတယ်လို့ ဆိုပါတယ်။

ဧပြီလ ၃ ရက်နေ့ ညအထိ လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာဘက်မှာလည်း စစ်ကောင်စီလက်အောက် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကကျေးရွာရှိနေအိမ်တွေကို လိုက်လံမီးလိုက်ရှို့ခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ဖားကန့်– တနိုင်းသွား လမ်းကြောင်းတွေကိုထိန်းချုပ်နိုင်ဖို့အတွက် မတ်လကုန်ပိုင်းမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ပြီးစစ်ကြောင်းထိုးနေတာကြောင့် လီဒိုလမ်းမပေါ်မှာ အခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button