လူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါးသတင်း

ဝန်းသိုမှာ စစ်တပ်ဗုံးကြဲလို့ ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူ ၃၀ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင် ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာကို စစ်ကောင်စီတပ်ကဂျက်လေယာဉ် နဲ့ ၇ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်လို့ ကလေးသူငယ်အပါအဝင် ပြည်သူ ၃၀ ခန့်သေဆုံးကြောင်း ကနဦးသတင်းအရ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ ညနေ ၃ နာရီဝန်းကျင် တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်လေယာဉ် ၂ စီးနဲ့ ၇ ကြိမ်တိုင်တိုင် ပစ်သွားတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ထိခိုက်တာရော၊ သေဆုံးတာရော စုစုပေါင်း အယောက် ၅၀လောက်ရှိမယ်။အခြေနေတော်တော်လေးဆိုးတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။

နန်းခမ်းကျေးရွာဟာ ဝန်းသိုမြို့နဲ့ ၇ မိုင်အကွာမှာရှိပြီး စစ်တပ်ဗုံးကြဲတိုက်ခိုက်သွားတဲ့နေရာက နန်းခမ်းပြည်သူ့ဆေးရုံနဲ့ နန်းခမ်းလမ်းခွဲနေရာအနီးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

နန်းခမ်းရွာမှာ တိုက်ပွဲဖြစ်တာမရှိ‌ပေမယ့် စစ်တပ်အနေနဲ့ခုလိုဗုံးကြဲတိုက်ခိုက်သွားတာဟာ အင်းတော်မြို့လက်လွတ်လိုက်ရတာကြောင့်ဖြစ်တယ်လို့ စစ်‌ရေးသတင်းရင်းမြစ်တစ်ဦးက ခုလိုသုံးသပ်ထားပါတယ်။

အဲဒီရွာက အင်းတော်နဲ့ဝန်းသိုအစပ်မှာရှိတာ ဟုတ်တယ်။ အင်းတော်နဲ့ ၁၀ မိုင်လောက်ပဲဝေးမယ်။ သူတို့အင်းတော်ကို လက်လွှတ်လိုက်ရလို့ ခုလိုလုပ်နေတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်မြို့ကို ဧပြီလ ၇ ရက်နေ့ လက်လွှတ်လိုက်ရပြီး တပ်မမှူးအပါ တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်က ဧပြီလ ၈ ရက်နေ့ ဖမ်းဆီးရမိထားပါတယ်။

ဒါကြောင့် အဖက်ဖက်ကနေ စစ်ရှုံးနေတဲ့စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေပြောပါတယ်။

ဧပြီလ ၇ ရက်နေ့ တော်လှန်ရေးတပ်သိမ်းလိုက်တဲ့ အင်းတော်မြို့ဟာ စစ်ကိုင်းကချင်အစပ်မှာရှိတာလည်း ဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button