သတင်း

ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

ဖားကန့်မြို့နယ် မှော်ဆီစာအုပ်စု အောင်သာယာ() ကျေးရွာရှိလောင်းကစားဝိုင်းတစ်ခုမှာ စကားများရန်ဖြစ်ရာက‌နေ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အမျိုးသားနှစ်ဦးက လောင်းကစားဝိုင်းမှာ ခြောက်ကောင်ဂျင် ကစားနေရာကနေ အငြင်းပွားမှုဖြစ်ပြီး သေနတ်နဲ့ ပစ်သတ်မှုဖြစ်ခဲ့တာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ သူက ခြောက်ကောင်ဂျင်ကြိုးဆွဲနေတာတဲ့။ သေနတ်နဲ့ ပစ်သတ်တဲ့ သူက အနားမှာ လာပြီး လာထိုးနေတာတဲ့။ သူတို့နှစ်ယောက်က အတူလာခဲ့ကြတာတော့မဟုတ်ဘူး။ သေသွားတဲ့သူက တစ်ယောက်ကို လာမထိုးနဲ့ လပ်ကီးပုတ်တယ်ဘာညာပေါ့ ပြောဆိုရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားများရင်းကနေ သေနတ်နဲ့ ပစ်သတ်လိုက်တာတဲ့လို့ပြောပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၃၀ နှစ်ဝန်းကျင်အရွယ်ရှိသူဖြစ်ပြီးတော့ ဦးခေါင်း နားထင်ကနေ ကျည်ဖောက်ဝင်ဖောက်ထွင်းသွားတာကြောင့် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပေမယ့် သေဆုံးဟာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ ပစ်မှုကျူးလွန်သူ အမျိုးသားက ကိုရဲ ဆိုသူဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်တွေ ပြောပြပေမယ့် အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

ဖားကန့်ဒေသမှာ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်တာအတွင်းမှာ တရားဥပဒေ စိုးမိုးမှုမရှိတော့ဘဲ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ များစွာရှိခဲ့တာဖြစ်ပါတယ်။

ယခုလို အရပ်သားပြည်သူတွေ အကြောင်းမဲ့ သတ်ဖြတ်ခ့ရတဲ့ တာတွေ မကြာခဏဖြစ်ပေါ်နေပေမယ့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ တာဝန်ယူဖြေရှင်းပေးတာတွေမရှိဘဲ ပြည်သူတွေ အသက်အန္တရာဘေးနဲ့ ကြုံတွေ့နေကြတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button