မလိခချောင်းမှာ အမျိုးသမီးတစ်ဦးရေနစ်သေဆုံး ရုပ်အလောင်းရှာမတွေ့

ကချင်ပြည်နယ် မချမ်းဘော့မြို့ မလိခချောင်းထဲမှာ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးပြီး ရုပ်အလောင်းကို ဒီနေ့ထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေပြောပါတယ်။
ဖြစ်စဉ်မှာ ဧပြီလ ၁၇ ရက် မွန်းလွဲ ၁နာရီဝန်းကျင် မချမ်းဘော့မြို့အနီး မလိခချောင်းဘေးတစ်နေရာမှာ လူတစ်စုပျော်ပွဲ စားထွက်ရာကနေ အမျိုးသမီးသုံးဦး ချောင်းထဲပြုတ်ကျပြီး နှစ်ဦးကယ်ထုတ်နိုင်ခဲ့ပေမယ့် အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦးရေနစ်သေဆုံးသွားတယ်လို့ မချမ်းဘော့မြို့နေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“ချောင်းဘေးမှာစားသောက်ကြတာပေါ့ နည်းနည်းကြာတော့ ရေကစားကြတာနေမှာ။ အဲ့မှာသုံးယောက်စလုံးခြေချော်ပြီးပြုတ်ကျတာ နှစ်ယောက်က ပြန်ကယ်နိုင်တယ်တစ်ယောက်ကတော့ဘယ်လိုမှမကယ်လိုက်နိုင်ဘူးတဲ့ အလောင်းလည်းမတွေ့သေးဘူး ရေကလည်းနောက်နေတော့ဘယ်လိုမှရှာမရဘူး”လို့ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့အမျိုးသမီးဟာ မချမ်းဘော့မြို့ခံ အသက် ၂၀ ကျော်အရွယ် အိမ်ထောင်သည်အမျိုးသမီးလို့သိရပြီး အမည်နာမကိုတော့စုံစမ်းနေဆဲ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ရုပ်အလောင်းကို ဒေသခံတွေက ရှာဖွေခဲ့ကြပေမယ့် မလိခမြစ်အထက်ဘက်မှာ ရွှေအလွန်အကျွံ့တူးဖော်နေပြီး ရေနှောက်နေတာကြောင့် ရုပ်အလောင်းပြန်ရှာတွေ့ဖို့ခက်ခဲနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။
“မလိခချောင်းအထက်ဘက်မှာရွှေတအားတူးကြတော့ ချောင်းအောက်ဘက်က ရေတအားနှောက်တယ်လေဘာဆိုဘာမှမမြင်ရဘူးရေထဲမှာဘာရှိမှန်းရေနက်လားသိမ်လားတောင်မသိရဘူး။ အဲ့ကြောင့်အလောင်းပြန်တွေ့ဖို့ခက်နေတာမဟုတ်ရင်တော့ ရေနစ်နစ်ချင်းတောင်ပြန်ကယ်နိုင်တယ် ရေနှောက်လို့ အခုလိုဖြစ်သွားတာ”လို့သူကပြောပါတယ်။
မလိခချောင်းအထက်ဘက် မလိခချောင်းတစ်ကြောနဲ့ မကပ်မုံကျေးရွာဘက်တွေမှာ ရွှေအလွန်အကျွံ့တူးဖော်တာတွေ ၂၀၂၄ ခုနှစ်ကတည်းက ရှိနေတာဖြစ်ပါတယ်။
ဒေသခံတွေပြောပြချက်အရ မလိခ ချောင်းထဲမှာ နှစ်တိုင်းလိုလို ရေနစ်သေဆုံးမှုတွေရှိနေပြီး မနှစ်ကလည်း ၃ ဦးထက်မနည်း ရှိခဲ့တယ်လို့သိရပါတယ်။
By – Zaw Zaw