ခတ်ချိုမှာ အမျိုးသားတစ်ဦး ဓါးထိုးသွင်းဒဏ်ရာနဲ့သေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှာ အသက်၂၈နှစ်အရွယ် အမျိုးသားတစ်ဦး ဓါးထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းကနေသိရပါတယ်။
ခတ်ချိုရွာကနေ တစ်နာရီဝန်းကျင်သွားရတဲ့ နောင်ပကလယ်တောတစ်နေရာမှာ ဓါးထိုးသွင်းဒဏ်ရာနဲ့သေဆုံးနေတဲ့အမျိုးသားတစ်ဦးတွေ့ရှိကြောင်း တာဝန်သိပြည်သူတွေကမွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကို ဧပြီလ ၂၀ ရက် မနက်၇နာရီဝန်းကျင် ဆက်သွယ်အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ညကဖြစ်တယ်ထင်တယ် တောင့်တောင့်ကြီး ဖြစ်နေပြီ။ ဒဏ်ရာတွေက အများကြီးဗျ ထိုးသွင်းထားတဲ့ ဒဏ်ရာတွေ သေလောက်တဲ့ ဒဏ်ရာတွေဗျ။ တစ်ကိုယ်လုံးလိုလို ပြောရတော့ခက်တယ်ဗျ”လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူဟာ အသက်၂၈နှစ်အရွယ် ကိုဇေယျာအောင်ဆိုသူဖြစ်ပြီး ကသာမြို့ဇာတိဖြစ်ကာ မိသားစုတွေနဲ့အတူ ဝိုင်းမော်မြို့နယ် ခတ်ချိုရွာအနီး ငှက်ပျောခြံတွေမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
ကိုဇေယျာအောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး သတ်ခံရတဲ့အကြောင်း အသေးစိတ်မသိရသေးပေမယ့် ရုပ်အလောင်းကိုတော့ မိသားစုဝင်တွေဆန္ဒအရ မြို့မသုဿန်မှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ကလည်း အမှတ် ၅ ရက်ကွက်နေ အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့ သတ်ဖြတ်ခံရပြီး၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့အာလူးဘာရီကျေးရွာနေ အသက် ၁၅ နှစ်အရွယ်လူငယ်တစ်ဦး နေအိမ်ရေတွင်းထဲမှာ နောက်ပြန်ကြိုးတုပ်ခံထားရတဲ့ ပုံစံနဲ့ သတ်ဖြစ်ခံထားရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ စစ်ရေးတင်းမာလာမှုနဲ့အတူ ခုလို သတ်ဖြတ်ခံရမှုတွေလည်း ခပ်စိပ်စိပ်ဖြစ်လာပြီး ဥပဒေနဲ့အညီ အရေးယူနိုင်မှုတွေလည်း မရှိသလောက် နည်းပါးနေတာဘဲ ဖြစ်ပါတယ်။
By – Hope