သတင်း

ပိန်းခမ်းရွာအနီး အရပ်သား ၆ ဦးပစ်သတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်က တာဝန်ယူ‌ဆောင်ရွက် ပေးခြင်းမရှိသေး

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ဒေသခံတွေပစ်သတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့က အမှုပြီးစီးအောင် တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ မုံးစီးကျေးရွာအုပ်စု ပိန်းခမ်းကျေးရွာအနီး ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံတွေကို ကိုးကန့် MNDAA လက်နက်ကိုင်တပ်ဖွဲ့က သေနတ်ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၁၂ ဦး ထိခိုက်၊ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုဟာ ၂ လနီးပါးကြာလာပေမဲ့ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသွားသူတွေအတွက် ဒေသခံတွေတောင်းဆိုထားတဲ့ လျော်ကြေးငွေကို MNDAA က မပေးဆောင်သေးသလို အမှုနဲ့ပတ်သက်ပြီး အရေးယူတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေ ပြောဆိုပါတယ်။  

သူတို့ လျော်ကြေးငွေကိစ္စ ဘာမှမပေးသေးဘူး။ ဆေးကုသစရိတ်ငွေတွေလည်း မပေးသေးဘူး။ အမှုက ဘာမှမပြီးစီးသေးဘူး။ ကျနော်တို့ပြောထားတာတွေ ဘာမှသူတို့မလုပ်ပေးနိုင်သေးဘူး။ ဒါကြောင့် လိုအပ်တဲ့စာရွက်စာတမ်းအားလုံး သူတို့ရုံးကို ပြန်တင်တယ်လို့ အမှုနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေသူ မုံးစီးကျေးရွာဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

ကိုးကန့်တပ်ဟာ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုဆေးကုသစရိတ်နဲ့ သေဆုံးသွားသူတစ်ဦးချင်းကို တရုတ်ယွင်ငွေ တစ်သိန်းစီ‌လျော်ကြေးပေးဖို့ သဘောတူထားတာလို့ သိရပါတယ်။

ဒါပေမယ့် အမြန်ဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ ဒေသခံတွေ ပထမတစ်ကြိမ်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုးကန့်တပ်ဟာ တစ်လကျော်ကြာလာတဲ့အထိ အကြောင်းမပြန်သလို သေနတ်ပစ်ခတ်မှု‌ကြောင့်ဆေးရုံတက်ခဲ့ရတဲ့ ဒေသခံ ၆ ဦး ဆေးရုံဆင်းတဲ့ ဧပြီလ ၁၇ ရက်နေ့ထိလည်း သဘောတူထားတဲ့ ဆေးကုသစရိတ်နဲ့သေဆုံးသူတွေအတွက် လျော်ကြေးငွေကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးခြင်းမရှိတာကြောင့် ဧပြီလ ၁၈ ရက်နေ့ ဒုတိယအကြိမ် ထပ်မံတောင်းဆိုထားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ဆေးရုံဆင်းတဲ့ ဒေသခံ ၆ ဦးရဲ့ ဆေးကုစရိတ်ကိုကျေးရွာကော်မတီတွေဘက်က တာဝန်ယူပေးဆောင်ထားရတယ်လို့ သိရပါတယ်။

လျော်ကြေးပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံ‌တွေ အကြိမ်ကြိမ်တောင်းဆိုနေပေမယ့် ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဗဟိုအဆင့်လျှောက်ထားဆဲလို့သာပြောပြီး အကြောင်းတစ်စုံတစ်ရာ တုံ့ပြန်တာ၊ တာဝန်ယူ လုပ်ဆောင်ပေးခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ 

တကယ်လို့ သူတို့က သေဆုံးသူတွေအတွက် နစ်နာကြေး၊ ဆေးကုသစရိတ်၊ လျော်ကြေးတွေ ပေးပြီးရင် ဒီအမှုကတော့ ပြီးစီးသလောက်ရှိပြီလို့ အသိအမှတ်ပြုပေးလို့ရတယ်။တရားရုံးအဆင့်သွားဖို့ ပြည်သူတွေကို ပစ်ခတ်ခဲ့တဲ့သူတွေကို အရေးယူ တရားရုံးတက်ရင် အကြောင်းကြားပေးမယ်ပြောလို့ ဒီကရွာသားတွေအားလုံးလည်း သူတို့တရားရုံးတက်ရင် သွားဖို့သဘောတူထားကြတာဖြစ်တယ်။ ဒါပေမဲ့ သူတို့ ဒါနဲ့ပတ်သက်ပြီး ဘာမှမပြောလာသေးပါဘူး။ အဖြေမသိသေးဘူးလို့ အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က မုံးစီးကျေးရွာအနီး ပိန်းခမ်ရွာချောင်းဖျားပိုင်းမှာ ရွှေတူးဖော်နေတဲ့ ကိုးကန့်တပ် MNDAA ကို အဲဒီနေရာမှာ ရွှေမတူးဖို့ ဒေသခံတွေ သွားရောက်ကန့်ကွက်ကြချိန် အချင်းချင်း စကားများရန်ဖြစ်ခဲ့ကြပြီး MNDAA ဘက်က ရွာသားတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒေသခံအမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီအမှုအတွက် ကိုးကန့်တပ် MNDAA ကို ဒေသခံတွေဘက်ကတောင်းဆိုထားတဲ့ အချက်တွေထဲက မုံးစီးဒေသ ပိန်းခမ်းရွာမှာ လုံး၀ရွှေမတူးဖော်ရအချက်အပါအဝင် တစ်ချို့အရာတွေကို MNDAA ဘက်က သဘောတူလိုက်လျောထားတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သေဆုံးသွားသူ တစ်ဦးချင်းစီအတွက် ကျန်ရစ်သူမိသားစုတစ်စုကို နစ်နာကြေးလျော်ကြေးငွေ တရုတ်ယွမ်တစ်သိန်းစီပေးဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေအတွက် ဆေးကုသ ကုန်ကျစရိတ်ကိုပေးဖို့ MNDAA ဆီ ဒေသခံတွေတောင်းဆိုထားချက်ကိုတော့ လက်ရှိအချိန်ထိ ကိုးကန့်တပ် MNDAA ဘက်က တာဝန်ယူလုပ်ဆောင်ပေးခြင်း မရှိသေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအမှုပြီးဆုံးနိုင်ဖို့အတွက် ထိခိုက်နစ်နာသူတွေကို လျော်ကြေးငွေပေးဖို့နဲ့ ရွာသားတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ကိုးကန့်တပ်သားတွေကို အရေးယူပေးဖို့ ကိုးကန့် MNDAA တပ်ဖွဲ့ကို ဒေသခံတွေ တောင်းဆိုထားခြင်းဖြစ်ပါတယ်။

ကွတ်ခိုင်မြို့ အရှေ့မြောက်ဘက် မိုင် ၄၀ ကျော်အကွာရှိ မုံးစီးကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ် TNLA စတဲ့လက်နက်ကိုင်တပ်ပေါင်းစုံရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့ဟာ ၎င်းတို့ ထိန်းချူပ်နယ်မြေထဲ ဒေသတွင်း ခိုးဆိုး လုယက်မှု၊ လူသတ်မှုနဲ့ မဒိမ်းပြုမှု ပြစ်မှုတွေကို ကျူးလွန်တဲ့ အရပ်သားတွေကို အများပြည်သူရှေ့မှာ သေဒဏ်ပေးကာ ပြစ်ဒဏ်စီရင်တာမျိုးတွေ လုပ်ပြလျက်ရှိပါတယ်။

ဒါပေမဲ့ ကိုးကန့်တပ်သားများကိုယ်တိုင် ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုတွေအပါအဝင် အထက်ပါ ပြစ်မှုမျိုးတွေကို တရားခံကို မဖော်ထုတ်ပဲ ဒေသခံတွေနဲ့ ပြေလည်နိုင်အောင်သာ အမှုဖြေရှင်းတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်လျက်ရှိတာကို တွေ့ရတယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောဆိုကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button