သတင်း

ပူတာအိုမှာ သောင်းကျန်းနေတဲ့ဆင်ကို ပစ်သတ်လိုက်နိုင်ပြီမို့ ဒေသခံတွေ နေရပ်ပြန်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီကျေးရွာမှာ မုန်ယိုပြီးသောင်းကြမ်းနေတဲ့ ဆင်ကိုပစ်သတ်လိုက်နိုင်ပြီမို့ ဒေသခံတွေနေရပ်ပြန်ကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ မူလာဒီကျေးရွာ ဒေသခံအမျိုးသမီး ၄ ဦးကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ အဲဒီဆင်ကို ဒီနေ့ ဧပြီ ၂၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှာပစ်သတ်လိုက်ပြီလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

သတ်လိုက်ပြီဲတဲ့အခုပဲဖုန်းဝင်လာတယ်။ ပြည်သူ့စစ်တွေကပစ်သတ်လိုက်တာလိုတော့ပြောတယ်လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

မုန်ယိုနေတဲ့ဆင်ဟာ မူလာဒီကျေးရွာနဲ့ တစ်မိုင်ပတ်လည်အကွာမှာရှိတဲ့ တောထဲမှာ ကျင်လည်နေတာဖြစ်ပြီး ဒီကနေ့မှာပဲ ရွာနဲ့သိပ်မဝေးတဲ့တောစပ်တစ်နေရာမှာ ပစ်သတ်လိုက်တာလို့သိရပါတယ်။

အဲ့ဒီဆင်ကြောင့် မူလာဒီကျေးရွာနေပြည်သူတွေဟာ ဧပြီလ ၁၇ ရက်နေ့ညကတည်းက မူလာဒီရွာနဲ့ မိုင်ဝက်လောက်ဝေးတဲ့ မူလာရှီးဒီကျေးရွာမှာ တိမ်းရှောင်နေကြရတာဖြစ်ပြီး ဒီကနေ့မှာတော့ အားလုံးနေရပ်ပြန်နိုင်ကြပြီလို့လည်းသိရပါတယ်။

မုန်ယိုပြီးသောင်းကျန်းခဲ့တဲ့ ဆင်ဟာ မြန်မာပြည်ရဲ့ထိပ်တန်း ချမ်းသာဆုံး စာရင်းဝင်ဦးတေဇဆီကနေ ပူတာအိုမြို့ခံ ရှမ်းလူမျိုး သူဌေးတစ်ဦးဝယ်ယူထားတာ သိပ်မကြာသေးဘူးလို့သိရပါတယ်။

ဒါ့အပြင် မုန်ယိုနေတဲ့ဆင်ဟာ ခိုင်းဆင်ဖြစ်ပြီး ပုံမှန်အားဖြင့်ခိုင်းဆင်တွေကို ဘိန်းမဲကျွေးရတာဖြစ်ပေမယ့် ဘိန်းမဲမကျွေးပဲ လွတ်ထားရာကနေအခုမုန်ယိုသွားတာလို့သိရပါတယ်။

အများအားဖြင့်ဆင်တွေမုန်ယိုရတဲ့အကြောင်းနှစ်မျိုးပဲရှိတယ် ဘိန်းမကျွေး တာကြာရင်မုန်ယိုသွားတတ်တယ်ပြီးတော့နောက်တစ်ချက်က မိတ်လိုက်တဲ့ရာသီမှာ မိတ်မလိုက်ရရင်လည်းမုန်ယိုသွားတတ်တယ်လို့ဆင်တွေအကြောင်းသိကျွမ်းတဲ့ပူတာအိုမြို့ခံအသက် ၅၀ ကျော်အမျိုးသားတစ်ဦးကပြောပါတယ်။

အဲ့ဒီမုန်ယိုနေတဲ့ဆင်က အမျိုးသမီး သုံးဦးအထိသတ်ဖြတ်ခဲ့ပြီး တစ်ဦးက မုန်ယိုနေတဲ့ဆင်ကြောင့်ကြောက်လန့်ပြီး နှလုံးရပ်သေဆုံးခဲ့ကာစုစုပေါင်းသေဆုံးသူ အမျိုးသမီး ၄ ဦးရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီး ၄ ဦးထဲမှာ သုံးဦးက မပြေးလွှားနိုင်တဲ့သက်ကြီးရွယ်အိုတွေဖြစ်ပြီး ကျန်တစ်ဦးကတော့ မီးဖွားထားတာရက်ပိုင်းပဲရှိသေးတဲ့ မီးနေသည်လို့သိရပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့နဲ့ တနိုင်းမြို့တွေမှာ အခုလိုဆင်အန္တရာယ်ကြောင့် ဒေသခံတွေမကြာခဏသေဆုံးရလေ့ရှိပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကလည်း တနိုင်းမြို့နယ် လမုန်ကျေးရွာမှာ မုန်ယိုနေတဲ့အိမ်မွေးဆင်ထီးတစ်ကောင် သောင်းကျန်းလို့ အမျိုးသား ၃ ဦးသေဆုံးခဲ့သလို နိုဝင်ဘာလမှာလည်း ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာမုန်ယိုနေတဲ့ဆင်တစ်ကောင်သောင်းကြမ်းတာကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button