သတင်း

ကချင်ဒေသအပါအဝင် ငလျင်ကြောင့်မီးလောင်သွားတဲ့ဒေသကအဖြေလွှာတွေ ပြန်ဖြေဆိုရမယ်လို့ စစ်ကောင်စီထုတ်ပြန်

ရာစုနှစ်တစ်ခုကျော်အတွင်း လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ဘေးမှာ မီးလောင်ပျက်စီးသွားတဲ့အဖြေလွှာတွေကို ပြန်ဖြေဆိုရမယ်လို့ စစ်ကောင်စီက ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းနဲ့မန္တလေးမြို့တို့ကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ငလျင်ကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်ပျက်ဆီးမှုမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်က တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေမီးလောင်ပျက်ဆီးခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီပျက်စီးသွားတဲ့အဖြေလွှာတွေကို ဇွန်လ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိပြန်လည်ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေကို ဇွန်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း သက်ဆိုင်ရာစာစစ်ဌာနတွေမှာပြန်လည်ထုတ်ယူရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စာမေးပွဲပြန်ဖြေရမယ့်မြစ်ကြီးနားမြို့ကတက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးကကျွန်မတို့ပြန်ဖြေရမယ်လို့ထင်တောင်မထင်တာ။ လူတွေအများကြီး ဒုက္ခရောက်နေကျတော့လေ။ ဒီလိုမထုတ်ပြန်ခင်ဆို စာကပြန်ကျက်ရမှာလားမကျက်ရဘူးလားဆိုပြီး။ ပြန်ဖြေရမယ်ဆိုလည်းစာကျက်ရတော့မှာပေါ့လို့ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာရပ်အားလုံးဖြေဆိုခဲ့သူတွေသာ ပြန်လည်ဖြေဆိုခွင့်ရှိမှာဖြစ်သလို ဖြေဆိုခွင့်ရရှိသူတွေရဲ့စာရင်းတွေကိုလည်း သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေက ပညာရေးမှူးရုံးနဲ့ စာစစ်ဌာနကနေတစ်ဆင့် ကြေညာပေးသွားမယ်လို့သိရပါတယ်။

ဒါပေမဲ့ ပြန်လည်ဖြေဆိုရာမှာ မည်သည့်မေးခွန်းကိုပြန်လည်ဖြေဆိုရမယ်ဆိုတဲ့အချက်ကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြခဲ့ခြင်း မရှိပါဘူး။

တစ်ဖက်မှာ အခုလိုငလျင်ဘေးကြောင့်ပျက်စီးသွားတဲ့အဖြေလွှာတွေ စာမေးပွဲပြန်ဖြေရမယ်ဆိုတဲ့စစ်ကောင်စီရဲ့ ထုတ်ပြန် ချက်အပေါ် နိုင်ငံတစ်ဝှမ်းကလူထုအကြားဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။

အထူးသဖြင့် ငလျင်ဘေးသင့်ခဲ့တဲ့ဒေသကလူထုတွေဟာ ပျက်စီးဆုံးရှုံးသွားတဲ့နေအိမ်နဲ့အဆောက်အဦးတွေအတွက် ပူဆွေးနေရသလို အများစုဟာနိုင်ငံတစ်ဝှမ်းက လူမှုကူညီကယ်ဆယ်ရေးအသင်းတွေနဲ့ ကိုယ်ထူကိုယ်ထသာ ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်နေကြရပြီး စစ်ကောင်စီကပြန်လည်ထူထောင်ရေးတွေမှာထိရောက်စွာမလုပ်နိုင်သေးတာဖြစ်ပါတယ်။

အားလုံးကိုအောင်ပေးလိုက်တာက ငလျင်ဘေးသင့်ခဲ့တဲ့ကျောင်းသားတွေအတွက်ပါ ညီမျှစေတယ်လို့ထင်ပါတယ်။ တစ်ပူပေါ်တစ်ပူထပ်ဆင့်စေတဲ့အရာမျိုးဖြစ်နေတော့အခုထုတ်ပြန်တဲ့အပေါ်မှာ ဘာမှပြောစရာစကားမရှိအောင်ပါဘဲ။ မဖြစ်မနေဆိုရင်တောင်ဂုဏ်ထူးလိုချင်တဲ့ကလေးတွေပြန်ဖြေစေပြီး ကျန်တဲ့ကလေးတွေအားလုံးကို အအောင်ပေးသင့် ပါတယ် လို့ပြင်ပကျောင်းဆရာတစ်ဦးကထောက်ပြပါတယ်။

၂၀၂၄၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်တဲ့ ကချင်ပြည်နယ်က ၈၆၉၉ ဦးရဲ့ဖြေလွှာတွေအပါအဝင် မန္တလေးတိုင်း က ဖြေဆိုသူ ၄၆၉၄၄ ဦးရဲ့အဖြေလွှာ၊ စစ်ကိုင်းတိုင်း က ၇၃၁၁ ဦးရဲ့ဖြေလွှာတွေအားလုံးမီးလောင်ဆုံးရှုံးပျက်ဆီးခဲ့ရတယ်လို့ စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်က နေအိမ်အဆောက်အဦးတွေအများအပြားအပါအဝင် စစ်ကိုင်းတံတား၊ သမိုင်းဝင်အဆောက်အဦး တွေ ပြိုကျပျက်ဆီးခဲ့ရသလို လူဦးရေ ၄၀၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button