သတင်း

ဆားမှော်ရွာ ပြည်သူတွေရဲ့တောင်ယာသွားလမ်း တစ်လနီးပါးကြာမြင့်လာတဲ့ထိ ပိတ်ခံထားရဆဲ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ ဒေသခံပြည်သူတွေရဲ့တောင်ယာသွားလမ်း စစ်‌ကောင်စီတပ်ကပိတ်ထားတာ တစ်လကျော်ကြာမြင့်လာတဲ့အတွက် ဒေသခံတွေအခက်တွေ့နေတယ်လို့ ဆိုပါတယ်။

ဆားမှော်ကျေးရွာ ဒေသခံတွေဟာ ကချင်အခေါ် နင်ခရွတ်(Nhkrut Pa)၊ အင်ဖရင်း( Nhpring Pa)၊ ကျန်ခန်( Chyanghka Pa)၊ ဘန်စိုင်း( Ban Sai)၊ ဘန်ကောက်(Ban Kok )၊ ဘန်ဂျက်(Banjet) စတဲ့နေရာတွေမှာ ဆီစားသီးနှံတွေဖြစ်တဲ့ မုံညှင်း၊ မြေပဲ၊ မြေတောက်ပဲအပါအဝင် စပါးတွေကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

ဒီနေရာကိုရောက်ဖို့အတွက် စစ်ကောင်စီတပ်ရဲ့တပ်စခန်းနဲ့ KIAKPDF မဖရိန်တပ်စခန်းကို ဖြတ်သွားရတာဖြစ်‌ပေမယ့် ဒီလမ်းကို စစ်ကောင်စီဘက် ပိတ်ထားပေးတာ တစ်လနီးပါးကြာမြင့်လာပြီလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

အခုအဲဒီဘက် ပိတ်ထားတာ ကြာပြီဆိုတော့ ဒီနှစ်လယ်ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး။ ဘယ်လိုပြင်ဆင်ရမလဲဆိုတာရောမသိ တစ်ချို့က ကျွဲနွားတွေရော ဒီတိုင်းထားခဲ့တဲ့သူတွေလည်းရှိတော့ စိတ်ရှုပ်ပြီး ဘာလုပ်ရမှန်းမသိတော့ အားလုံးက ဒီတိုင်းမှိုင်ပြီး နေနေကြတာလို့ ဆိုပါတယ်။

ဆားမှော်ကျေးရွာ ဒေသခံတွေဟာ မိမိတို့ရဲ့တောင်ယာ၊လယ်တောမှာ ဆီစားသီးနှံ၊ စပါးအပြင် နောက်ထပ်အိမ်ဆောက်တဲ့‌နေရာမှာ အသုံးပြုတဲ့ ပျဥ်၊ ချက်ပြုတ်ဖို့သုံးတဲ့ထင်း၊ ကြိမ်၊ဝါးခုတ်အလုပ်နဲ့ ဟင်းသီးဟင်းရွက်ခူးရောင်းတဲ့ အလုပ်တွေအတွက်လည်းလုပ်ကိုင်ကြပြီး မိသားစုတစ်နှစ်စာအတွက် အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် ဒေသခံတွေအတွက် တောင်ယာသွားဖို့တစ်ခြားပတ်လမ်း‌ကနေ ညအိပ်ခရီးနဲ့ခက်ခဲခဲသွားနေရတယ်လို့ နောက်ထပ် ဆားမှော်ဒေသခံအမျိုးသားတစ်ဦးလည်း ခုလိုပြောပါတယ်။

အခုသတင်းကြားနေရတာကတော့ တစ်နာရီလောက်သွားရင်ရောက်တဲ့နေရာကို ညအိပ်ပြီး ဟိုးအရမ်းဝေးတဲ့နေရာကွေ့ဝိုက်ပြီး သွားနေကြရတယ်။ အခုက နွေရာသီမိုလို့ ကွေ့ပတ်ပြီး သွားလို့ရလည်း မိုးရာသီဆိုရင် အဲလိုသွားဖို့ လွယ်ကူမှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

လတ်တလောမှာလည်း မုန်ညှင်းစိုက်ထားတဲ့တောင်သူတွေ ရိတ်ထားပြီးသား မုန်ညှင်းသယ်ယူဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပေမယ့် ခွင့်ပြုချက်မရသေးဘူးလို့သိရတဲ့အပြင် ဒီတစ်နှစ်တစ်နှစ်ပတ်လုံး တောင်ယာသွားလမ်းကို ပိတ်ထားမယ်ဆိုတဲ့ သတင်းလည်းထွက်ပေါ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက် KIAKPDF ပူးပေါင်းတပ်ကနေပြီး ကဂျီတပ်စခန်းကုန်းကိုတက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်က ခလရ(၁၀၅)အောက် တပ်ရင်း ၃၈၃၊ ၃၈၄၊ ရှမ်းနီအမျိုးသားတပ်မတော်(SNA)၊ပြည်သူ့စစ်အဖွဲ့ပူးပေါင်းပြီး KIA ပူးပေါင်းတပ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး နင်ခရွတ်(Nhkrut Pa)တပ်စခန်းကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းခဲ့တာဘဲ ဖြစ်ပါတယ်။

အဲဒီနေ့ကစပြီး ဒီနေ့ တစ်လကျော်လာသည်အထိစစ်ကောင်စီတပ်ပူး ပေါင်းအဖွဲ့က ဆားမှော်ဒေသခံတွေ တောင်ယာသွားတဲ့လမ်းကို ပိတ်ပင်ထားခဲ့တာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button