နမ်စဘွမ်မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ချောင်းများ တိမ်ကောသွားပြီလို့ ဒေသခံတွေပြော

ကချင်နယ်ပြည်နယ် မချမ်းဘော့မြို့နယ် နမ်စဘွမ်ကျေးရွာမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ချောင်းရေတွေအားလုံးနီးပါး တိမ်ကောပျက်စီးသွားပြီလို့ ဒေသခံတွေ ပြောပါတယ်။
ပူတာအိုမြို့ရဲ့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ နမ်စဘွမ်ကျေးရွာမှာ ရွှေလုပ်ငန်းရှင်တွေက အုပ်ချုပ်ရေးမှူး၊ပြည်သူ့စစ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လစပြီး နမ်စဘွမ်ကျေးရွာအဝင်ရှိ နမ့်စဘွမ်ချောင်းနဲ့ကပ်လျက်ရှိချောင်းငယ်တစ်ခုရဲ့ အထက်၊အောက်မှာ ရွှေအလွန်အကျွံတူးနေတာကြောင့် ချောင်းနှစ်ချောင်းစလုံးရေတိမ်ကောပြီးပျက်စီးသွားပြီလို့ ဒေသခံတွေဆိုပါတယ်။
“ရွာအဝင်မှာရှိတဲ့ အဲ့ချောင်းနှစ်ချောင်းစလုံးက ဘယ်တော့မှရေမခမ်းဘူး အခုရွှေတူးတဲ့နောက်မှ ရေခမ်းသွားတာရေချောင်းတောင်မရှိတော့ဘူး တံတားပဲကျန်တယ်။ အခုတံတားတောင်မသုံးတော့ဘူးရေမရှိတော့ အောက်ကနေပဲသွားနေကြတော့တာ လယ်ကွက်တွေလည်းမြေစာပုံတွေပဲကျန်တယ်”လို့ အသက် ၄၀ ဝန်းကျင်ရှိတဲ့ အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
ခုလိုရွှေတူးဖော်မှုကြောင့် ချောင်းနှစ်ချောင်းစလုံးပျက်စီးသွားတဲ့အပြင် နောက်ထပ်ဒေသခံတွေ ရာသက်ပန်လုပ်ကိုင်လာတဲ့ လယ်ယာမြေရဲ့ လေးပုံကနေ သုံးပုံခန့်လည်း ပျက်စီးသွားပြီလို့ သိရပါတယ်။
“လယ်တွေက အားလုံးဆိုခန့်မှန်း ဧက ၁၀၀ ကျော် ၂၀၀ နီးပါးလောက်ရှိမယ် အခု ဧက ၃၀ လောက်တောင်မကျန်တော့ဘူး အားလုံးရောင်းစားကုန်ပြီးရွှေတူးကုန်ကြပြီလေ။ တစ်ချို့က မရောင်းချင်လည်းရောင်းလိုက်ရတာ ဘေးကအကွက်ရောင်းတော့ကိုယ့်လယ်ကွက်ပဲကွက်ပြီး ကျန်နေတာ ရေလမ်းကြောင်းပိတ်ပိတ်ကုန်ပြီလေ မထူးတော့ဘူးဆိုပြီးရောင်လိုက်တဲ့သူတွေလည်းရှိတယ်”လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ နမ့်စဘွမ်ကျေးရွာမှာ လယ်မြေဧက ၂၀၀ နီးပါးမှာ ဧက ၁၀၀ ကျော် ရွှေတူးဖော်မှုကြောင့်ပျက်စီးသွားပြီး လက်ရှိ ဧက ၃၀ ခန့်သာကျန်တော့တယ်လို့ ဆိုပါတယ်။ ဒီကျန်နေတဲ့ လယ်ကွက်တွေကလည်း ဆက်လက်လုပ်ကိုင်ဖို့လိုအပ်ပေမယ့် ချောင်းရေခမ်းခြောက်ပြီးရေသွင်းဖို့ခက်တာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့သိရပါတယ်။
KNG စုံစမ်သိရှိထားချက်အရ လုပ်ငန်းရှင်တွေဟာ ရွှေတူးဖို့ လယ်ဧက ဝယ်ယူချိန်မှာလည်း ရွှေထွက်၊မထွက်ပေါ်မှုတည်ပြီး တစ်ဧကကို သိန်း ၅၀၀ ဝန်းကျင်အထိပေးဝယ်တာတွေရှိတယ်လို့ ဆိုပါတယ်။
လက်ရှိရွှေတူးဖော်နေတဲ့နေရာဟာ ရွာအဝင်နဲ့ကပ်လျက်တစ်ဆက်ထဲရှိပြီး ရွာလမ်းနဲ့ဆိုပေ ၅၀ခန့်အကွာမှာသာရှိတာကြောင့် ရွှေတူးဖော်မှုရဲ့နောက်ဆက်တွဲက ရွာလမ်းမကြီးလည်းပျက်စီးလုနီးပါးဖြစ်နေပြီလို့ ဒေသခံတွေပြောပါတယ်။
နမ်စဘွမ်မှာ ခုလိုရွှေအလွန်ကျွံတူးဖော်လာတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်နောက်ကတည်းက စတူးဖော်နေကြတာလို့သိရပါတယ်။
အဲ့ဒီရွှေတူးဖော်မှုတွေကို နမ်စဘွမ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မချမ်းဘော့မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ မချမ်းဘော့စစ်တပ်ထဲက တပ်ရင်းမှူးတွေအပါ ရွှေလုပ်ငန်းရှင်တစ်ချို့ ပူးပေါင်းပြီးတူးနေတာလို့ ဒေသခံတွေပြောပါတယ်။
နမ်စဘွမ်ရွာနဲ့အလားတူပဲ မချမ်းဘော့မြို့နယ်ထဲက နမ့်ခမ်းကျေးရွာမှာဆိုရင် လူနေအိမ်ဝင်း၊ ဘုရားကျောင်းဝင်းတွေထဲအထိ ရွှေတူးနေတယ်လို့သိရပါတယ်။
စစ်တပ်အာဏာမသိမ်းမှီ ပူတာအိုဒေသဟာ လက်လုပ်လက်စား ရွှေတူးဖော်မှုသာရှိပေမယ့် အာဏာသိမ်းနောက်ပိုင်းမှာတော့ စက်ယန္တရားကြီးတွေအသုံးပြုပြီး အကြီးစားရွှေတူးဖော်မှုတွေ တစ်နေ့ထက် ပိုပြီးဆိုးဝါးလာနေတာဖြစ်ပါတယ်။
မချမ်းဘော့မြို့နယ်ဟာ ပူတာခရိုင်ထဲက မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ် ထိန်းချုပ်ထားတဲ့မြို့နယ်ဖြစ်ပါတယ်။
By – Zaw Zaw