တိုက်ပွဲသတင်း

နန့်မွန်းမြို့အထိုင်တပ်က လက်နက် ကြီးဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံတစ်ချို့တိမ်းရှောင်

ကချင်ပြည််နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊နန့်မွန်းမြို့ရှိ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီး‌ဒေသအနီးရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်နေတယ်လို့ ဒေသခံ‌တွေဆီကနေ သိရပါတယ်။

ဧပြီလ ၂၃ ရက် မနက်အစောပိုင်းကစပြီး နန့်မွန်းမြို့မှာထိုင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ကအင်းတော်ကြီးဒေသ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတစ်ချို့တိမ်းရှောင်နေကြတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“ဟဲပု၊ဟဲပါးဘက်တွေရှောင်ကြတာရှိတယ်။ တစ်ချို့ကအပြင်လည်းမထွက်ကြဘူး ရှောင်နေလည်းလွှတ်မှာမဟုတ်ဘူးဆိုပြီးဒီတိုင်းအိမ်ထဲမှာပဲနေ နေကြတဲ့လူလည်းရှိတယ်။ တစ်ချို့က တောတောင်ထဲရောက်နေကြတာလည်းရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ပူးပေါင်းတပ်လက်နက်ကြီးပစ်တဲ့ရွာတွေက အင်းတော်ကြီးအနောက်ဘက် လယ်ပုံလေး၊လက်ပံ၊ မိုင်းနောင်၊ မမုံကိုင်၊နမ္မတဲစတဲ့ကျေးရွာတွေနဲ့အင်းတော်ကြီးအရှေ့ဘက် ဆနွင်းကုန်း၊အင်းဟာ၊ဟဲပု၊ဟဲပါး၊နမ္မော်ကန်၊လုံးစန့်စတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာ ၃ ရွာထက်မနည်းတိမ်းရှောင်နေရပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ အ‌သေးစိတ်မသိရသေးတဲ့အပြင် လက်ရှိချိန်ထိလည်း ပစ်ခတ်နေဆဲဖြစ်တယ်လို့ အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။

“တပ်နဲ့ရှမ်း(SNA)ကပစ်နေတာ အရှေ့ဘက်ကမ်းအနောက်ဘက်ကမ်းရွာတွေကိုပါ တစ်မနက်ခင်းလုံးပဲအခုထိပစ်နေတုန်း။ လက်နက်ကြီးသံက ရပ်ကိုမရပ်နိုင်ဘူး ” လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားတစ်ဦးပြောပါတယ်။

SNA တပ်တွေဟာ ၂၀၂၄ ခုနှစ် ဇွန်လကတည်းကနေ နန့်မွန်းမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး တပ်ထိုင်လာတာဖြစ်သလို KIA ပူးပေါင်းတပ်ကလည်း ပြီးခဲ့တဲ့နှစ် ဇွန်လမှာပဲ ဝေလုံ၊ ချောင်းဝ၊ ညောင်ပင်ရွာကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအထိ တိုက်ပွဲတွေငြိမ်သက်နေတဲ့ အင်းတော်ကြီးဒေသမှာ ဖေဖော်ဝါရီလဆန်းပိုင်းကနေ စစ်ကောင်စီတပ် တပ်မ ၃၃ နဲ့ SNA ပူးပေါင်းတပ်တို့ စစ်ရေးစတင်လှုပ်ရှားတဲ့အပြင် ဒီရက်ပိုင်း လေကြောင်းပစ်ခတ်တာ တွေ ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အင်းတော်ကြီးဒေသထဲက နန့်မွန်းနဲ့ လုံးတုံမှာ စစ်ကောင်စီနဲ့SNA တပ်တွေအင်အားအလုံးအရင်းနဲ့တပ်ထိုင်နေပြီး မိုးညှင်း -အင်းတော်ကြီး -ဝှေခါကားလမ်းပိုင်းမှာလည်း စစ်ဆေးရေးဂိတ်တွေ ၆ ခုထက်မနည်း အထိုင်ချထားသလို ဖားကန့်ဘက်လည်း စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အင်းတော်ကြီးဒေသဘက် ခုလိုလက်နက်ကြီးပစ်နေတာဟာ ဖားကန့်ဘက် စစ်ကြောင်းထိုးနေတဲ့ ၎င်းတို့တပ်အတွက် ပစ်ကူနေတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေသုံးသပ် နေကြပါတယ်။

Show More

Related Articles

Back to top button