တိုက်ပွဲသတင်း

မြစ်ဆုံအထက် တန်ဖရဲရွာမှာ စစ်တပ်နဲ့ KIA တပ်တို့တိုက်ပွဲဖြစ်

မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ခန့်ကြာမြင့်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်တွေက ဆွမ်ပရာဘွမ့်သွားလမ်း ဂွေထော်(Gwi Htau) ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက် တန်ဖရဲနဲ့ ဂွေထော်ကြား လမ်းခုလပ်မှာ တိုက်ပွဲဖြစ်နေတယ်လို့ တန်ဖရဲဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၇ ရက်နေ့လောက်ကနေ တိုက်ပွဲစဖြစ်တာ မနေ့ကအထိ တိုက်ပွဲဖြစ်နေတာ။ ရှေ့တစ်ရက်နေ့က ခဏပဲဖြစ်တာ။ မနေ့ကတော့ တစ်ရက်လုံးဖြစ်နေတာ။ ဘယ်လောက်ထိဆိုးလဲဆိုရင် ကက်သစ်လစ်ဘုရားကျောင်းအနောက်ဖက်ခြမ်းမှာ လက်နက်ကြီးတောင် ကျမှန်ပေါက်ကွဲတာရှိခဲ့တယ်။ တန်ဖရဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေတာတော့ နည်းနည်းတော့ကြာလာပြီလို့ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့ တန်ဖရဲနဲ့ ဂွေထော်ကြားမှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် နှစ်ဖက်စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံး ကက်သစ်လစ်ဘုရားကျောင်းဝင်းအနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက် စျေးဆိုင်အနီးတဝိုက်မှာ ကျပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည်ပြီး  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ မြစ်ကြီးနားမြို့ဘက်ကနေ တန်ဖရဲကျေးရွာမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်တွေဖြစ်ပြီးတော့ ဂွေထော်ဘက်ကို စစ်ကြောင်းထိုးလာတိုင်း KIA တပ်တွေနဲ့ တိုက်ပွဲပုံမှန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

စစ်ရေးအခြေအနေရ တန်ဖရဲကနေ ဂွေထော်မရောက်မှီအထိ စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားနိုင်ပြီးတော့ ဂွေထော်တစ်ကမ်းမှာ KIA ပူးပေါင်းတပ်တွေနေရာယူထားတာကြောင့် ကျော်တက်လို့မရဘဲ နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာမှုဖြစ်နေတာ နှစ်လကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေက ဆွမ်ပရာဘွမ့်မြို့အပါ တန်ဖရဲ ကျေးရွာအထက်ပိုင်းရှိတဲ့ တယန်ဇွပ်၊ အင်ဆော့ပ်ဇွပ်၊ ဖုန်အိန်ယန် စတဲ့ ကျေးရွာတွေကို လက်လွတ်လိုက်ရပြီးနောက် အခုလို စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

မြစ်ကြီးနားဆွမ်ပရာဘွမ့် ကားလမ်းပိုင်ရှိ တယန်ဇွပ်၊ အင်ဆော့ပ်ဇွပ် စတဲ့ကျေးရွာတွေမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကို  ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ ဧပြီလ ၂၅ ရက်နေ့နောက်ပိုင်း ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး အင်းတော်ကြီးနဲ့ ကားမိုင်းမြို့ လမ်းပိုင်းနှစ်ခုကနေ စစ်အင်အား တစ်ထောင်ခန့် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ကချင်ပြည်နယ်ထဲမှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့အပါ ဖားကန့်ဒေသနဲ့ မြစ်ကြီးနား မြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button