
ဖားကန့်မှာ စစ်ကောင်စီတပ် လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဖားကန့်ဒေသခံတွေ ဆီကနေ သိရပါတယ်။
မေလကုန်ပိုင်း ဖားကန့်မြို့ထဲကို စစ်ကြောင်းဝင်ရောက်သွားပြီးနောက် မှော်ဆီစာကျေးရွာအတွင်းက တစ်သုံးလုံး၊ တင်အောင်ကြိုင် စတဲ့ လုပ်ကွက်ကုမ္ပဏီရှိ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ကံဆီးကျေးရွာနဲ့ ကားမိုင်း လမ်းကြောင်းနှစ်ခုကနေလည်း စစ်အင်အားတဖြည်းဖြည်း ဖြည့်တင်းနေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။
မှော်ဆီစာကျေးရွာထဲမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက ယခုရက်ပိုင်းအတွင်း တစ်ရွာဝင် တစ်ရွာထွက် စစ်ရေးလှုပ်ရှားနေတဲ့အတွက် ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင် မဇွပ်ယန်ဘက်ခြမ်း နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဒီမနက် ၇ နာရီထိုးခါနီးမှာ မဇွပ်ယန်ထောင်ထဲမှာ ရှိနေတဲ့ စစ်အင်အား တစ်ချို့ထွက်လာလို့ စာသင်ကျောင်းအဟောင်းရှိတဲ့ ဘက်ကို စစ်ရေးလှုပ်ရှားလာလို့ KIA ဘက်က ပိတ်ဆို့ တိုက်ခိုက်လိုက်တာဟုတ်တယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်သွားခဲ့တယ်။ အခု KIA တွေက ရွာထဲမှာ မပစ်ရင်တောင်မှ ရွာအပြင်ဘက်တွေမှာ ထွက်လာရင်တော့ ပစ်တဲ့ သဘောမှာရှိနေတယ်”လို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ဒီကနေ့ မနက်ပိုင်း မှော်ဆီစာကျေးရွာအပြင် ကဋေမှော် နဲ့ မဇွပ်ယန် ဘက်ခြမ်းအထိ စစ်ကြောင်း ၃ ခုလောက်ခွဲပြီး စစ်ကြောင်းထိုးသွားလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ နှစ်ဖက်တပ် ညှိနှိုင်းမှုကြောင့် KIA ဘက်က တိုက်ခိုက်မှုမလုပ်ဘဲ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကို အခြေအနေကို စောင့်ကြည့်နေတဲ့ ၄ ရက်ခန့်အကြာမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ရှိနေတဲ့ နေရာဘက်ကို ဦးတည်လာတဲ့အတွက် ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၄ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာ ဖားကန့် ဗျူဟာကုန်းကို စစ်အင်အားနဲ့ စစ်လက်နက် လာပို့တဲ့ စစ်ရဟတ်ယာဉ်ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်အကြီး အငယ်တွေနဲ့ စုပြုံ ပစ်ခတ်လိုက်တဲ့အတွက် ယာဉ်မဆင်းနိုင်ဘဲ ပြန်လှည့်ပျံသွားတာဖြစ်ပါတယ်။
ဇွန်လ ၃ ရက်နေ့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မှော်ဆီစာမှာ စစ်ကောင်စီတပ်တွေက မနေ့က ၄ ရက်နေ့ တစ်ရက်တည်းမှာပဲ ကျောက်စိမ်းလုပ်ကွက် ၂ နေရာရှိ ဘက်ဟိုးနဲ့ မြေသယ်ယာဉ် ကားတစ်ချို့ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မှာ စစ်ကောင်စီတပ်က စက်ယန္တရားမီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်ကြီးပေါက်ကွဲပြီး အရပ်သားသေဆုံးတာတွေ နေ့စဉ်အဆက်မပြတ် ဖြစ်ပေါ်နေတဲ့အတွက် လုံးခင်းကျေးရွာ အုပ်စုထဲမှာရှိတဲ့ လုံးခင်း၊ ကုဋေမှော်၊ မှော်ဆီစာ၊ ဆန်ခါ၊ ကထန်၊ မာရော်၊ ဆွတ်အောင်၊ အလယ်စခန်း၊ တောမှော်၊ ကံဆီ၊ နမ်ဂျန့် နဲ့ ဘော်ဆာတီး စတဲ့ ကျေးရွာနေပြည်သူတွေက စစ်ရေးကြောင့် စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ နောက်ထပ် ကချင်လူမှုဖွံ့ဖြိုးရေးလုပ်ငန်းမှာ ပါဝင်လှုပ်ရှားနေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
“အခုဆိုရင် မိုးတွင်းကာလလည်းဝင်လာပြီ။ ဒီစစ်ရေးအခြေအနေနဲ့ ပြည်သူတွေ ရှင်သန်နေထိုင်ကြမှာလဲ။ ဘယ်လို နည်းလမ်းတွေနဲ့ လုံခြုံမှုရရှိမှာလဲ အရမ်းစိုးရိမ်နေရတယ်။ သွားမယ့် နေရာလည်းမရှိဘူး အခုဆိုရင် ဝင်ငွေလည်း ရှာလို့မရတော့ဘူး။ အပြင်ထွက်သွားဖို့ လာဖို့ဆိုရင်လည်း အင်မတန်မှ စိုးရိမ်နေရပါတယ်။ စစ်ရေးက ပိုဆိုးလာရင် ပြည်သူတွေ အဖက်ဖက်ကနေ ကြပ်တည်းလာဖို့ပဲရှိနေတာ့တယ်”လို့ပြောပါတယ်။
လက်ရှိ ဖားကန့် ဒေသမှာ ဖြစ်နေတဲ့ စစ်ရေးအခြေအနေရ စစ်ကောင်စီတပ်တွေ လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးနဲ့ ဆိုင်းတောင်၊ ဂွေခါ၊ တာမခံ စတဲ့ ကျေးရွာတွေအားလုံးကိုအပါ ထိန်းချုပ်ဖို့ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့အတွက် နှစ်ဖက်တပ် စစ်ရေးအခြေအနေ ပိုမို ဆိုးရွာလာနိုင်တယ်လို့ သုံးသပ်ပြောဆိုတာဖြစ်ပါတယ်။
လုံးခင်းအုပ်စုထဲက မှော်ဆီစာနဲ့ ကုဋေမှော်၊ မဇွပ်ယန် စတဲ့ ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်အင်အား ခန့်မှန်းခြေအရ ၂၀၀ ကျော်ခန့်ရှိနိုင်ပြီး ကံဆီးစစ်တပ်ကုန်းနဲ့ ကားမိုင်းလမ်းတွေဘက်ကနေလည်း စစ်အင်အားတစ်ချို့ ပြန်လည်ဖြည့်တင်းလာတယ်လို့ သတင်းအရင်းအမြစ်တွေပြောပါတယ်။
စစ်အင်အား ၁၀၀ ကျော်ခန့်က ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ လုံးခင်းကျေးရွာအထွက်မှာ KIA နဲ့ တော်လှန်တပ်ဖွဲ့တွေတိုက်ခိုက်မှုမလုပ်ဘဲ မှော်ဆီစာဘက်ကို စစ်ကြောင်းသွားခွင့်ပေးလိုက်တဲ့ စစ်ကြောင်းတွေဖြစ်ကြပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)