
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို မတရားသတ်ဖြတ်ခြင်းနှင့်ဖမ်းဆီးခြင်းများကို ဆက်လက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့မေလတစ်လအတွင်း အရပ်သား ၃၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ (KHRW )က ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထဲက အရပ်သား ၃၀ ဦးဟာ မေလ ၈ ရက်နေ့ ဗန်းမော်ြမို့ပေါ်ဘုန်းကြီးတစ်ခုမှာခိုလှုံနေတဲ့ ဒေသခံစစ်ရှောင်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေကယ်ထုတ်နေချိန် စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာသေဆုံးခဲ့ရတာလို့ KHRW ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် နောက်ထပ်သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တွေကတော့ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာ၊ လုံးခင်းရွာ နဲ့ မိုးညှင်းမြို့နယ် ဟဲပါရွာတို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးတဲ့ချိန်ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာတွေ့ရပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့်ဘေးလွှတ်ရာကိုစွန့်ခွာရသူတွေလည်းများလာသလို နေစရာအခက်အခဲ အကြပ်အတည်းဖြစ်လာပေမယ့် နိုင်ငံတကာအကူညီတွေက ပိုလျော့နည်းလာတယ်လို့ KHRW ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကပြောပါတယ်။
“အရပ်သားပြည်သူတွေထွက်ပြေးနေတဲ့နေရာတွေမှာနေဖို့နေရာ Shelter တွေကမရှိသလောက်ဖြစ်နေပြီ။ တော်တော် ခက်ခဲနေတဲ့အခြေနေပါ။ နောက်တစ်ခုကတော့ အခြေခံအစားအသောက်၊ နိုင်ငံတကာကနေလူသားချင်းစာနာမှုအကူညီလည်း မရှိသလောက်နည်းသွားပါပြီ”လို့ ကိုဂျေကော့ကဖြည့်စွက်ပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေအကြား အရပ်သား ၅ ဦးကပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြောင်း နဲ့ နောက်ထပ်အရပ်သား ၇ ဦးကလည်း ဖားကန့်မြို့နယ်ကိုဝင်ရောက်လာတဲ့စစ်ကြောင်းရဲ့ ဖမ်းဆီးခံရပြီးလူသားဒိုင်းလုပ်ဆောင်ခံရတာလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုအာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာစစ်ဥပဒေတွေကိုလိုက်နာခြင်းမရှိဘဲချိုးဖောက်နေတဲ့တိုင်အောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့နိုင်ငံတစ်ချို့ဟာ စစ်ကောင်စီနဲ့ဆက်ဆံရေးတွေကိုဆက်ထားရှိပြီး တွေ့ဆုံတာ၊ ထောက်ပံ့တာတွေကို ဆောင်ရွက်နေတာလည်းတွေ့ရတယ်လို့ အစီရင်ခံစာမှာရေးသားထားပါတယ်။
“နောက်ထပ်တစ်ခုကတော့အာဏာသိမ်းစစ်ကောင်စီက တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ လူ့အခွင့်ရေးချိုးဖောက်မှု ကမြင့်လာနေပါတယ်။ ဆိုတော့ အာဆီယံမှာပါဝင်တဲ့နိုင်ငံများနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေပေါ့နော် နိုင်ငံတိုင်းမှာရှိတဲ့ အစိုးရတွေ စစ်ကောင်စီလူ့အခွင့်ရေးချိုးဖောက်မှုတွေရပ်တန့်သွားဖို့ အမြန်ဆုံးလုပ်ဆောင်သင့်ပြီလို့ပြောချင်ပါတယ်”လို့ကို ဂျေကော့က ထပ်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ကပြုစုထားတဲ့အချက် အလက်တွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၅ မေလ (၁၂) ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်နဲ့နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ် (၁၃) ခုမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၆၇၉ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာတော့ အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးပါဝင်ပြီး စာသင်ကျောင်း (၂၄၀) ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၉၆) ခုနဲ့ ဘာသာရေးအဆောက်ဦး (၄၃၅) ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ၊ ၂၀၂၃ အောက်တိုဘာလမှာ ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာလေကြောင်းတိုက်ခိုက်မှု၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ကုန်းလောဘုရားကျောင်းနေရာတွေကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အများအပြားအပါအဝင် ပြည်သူအစုအပြုံလိုက် အသက်သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
By – အမိုး