သတင်း

မဆွန်စွပ်ရွာအနီး မြေပြိုလို့ ပူတာအို – မြစ်ကြီးနားလမ်းပိုင်း ကုန်ကားကြီးတွေပိတ်မိနေ

ကချင်ပြည်နယ် မြစ်ကြီးနားပူတာအိုကားလမ်းပိုင်းရှိ မဆွန်စွပ်ကျေးရွာအနီးမှား ကားလမ်းမြေပြိုနေတာကြောင့်ကုန်ကားကြီးတွေ သွားလာလို့မရ ပိတ်မိနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအိုမြစ်ကြီးနားကား လမ်းပိုင်းမှာမြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး မဆွန်စွပ်ကျေးရွာအနီးမှာ ဆိုးဆိုးဝါးဝါးမြေပြိုသွားတာဖြစ်တယ်လို့ ကားသမားတစ်ဦး KNGကိုပြောပါတယ်။

လမ်းက ကျဥ်းကျဥ်းလေးပဲကျန်တော့ မိုးဆက်ရွာလို့ထပ်ပြိုရင်တော့ အခုသွားနေတဲ့ကားသေးလေးတွေလည်း သွားလို့ရမှာမဟုတ်တော့ဘူး။ အဲ့ဒါဆိုရင်တော့အသွားအလာလုံးဝ ပြတ်တောက်သွားမှာဒီကြားကလို့ ယင်းလမ်းပိုင်းမှာ မောင်းနှင်နေတဲ့ကားသမားတစ်ဦးပြောပါတယ်။

ကားသမားတွေပြောပြချက်အရ မဆွန်စွပ်ကျေးရွာကျေးရွာအကျော်မှာ လမ်းအရှည်ပေ ၁၀၀ နီးပါးလောက်ပြိုသွားတာကြောင့် ဒီကနေ့အထိ ကုန်ကားကြီးတွေသွားလာလို့မရဖြစ်နေပြီး အိမ်စီးကားတွေနဲ့ ဆိုင်ကယ်တွေသာဖြတ်သန်းသွားလာလို့ရတယ်လို့သိရပါတယ်။

ခရီးသည်တွေတင်တဲ့အိမ်စီးကားတောင် ဖြေးဖြေးလေးသွားရတယ်ပြုတ်ကျမှာဆိုးလို့ လမ်းက ကျဥ်းကျဥ်းလေးပဲ ကျန်တော့တယ်လို့အထက်ဖော်ပြပါကားသမားကဆက်ပြောပါတယ်။

လက်ရှိလမ်းပြိုထားတဲ့နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ပူတာအိုဘက်တက််မယ့် ကုန်ကားတစ်စီး ဖြတ်မောင်းစဥ် ကားဘီးချော်ပြီးပြုတ်ကျသွားခဲ့ကြောင်းကားသမားတွေကဆိုပါတယ်။

ကုန်ကားကြီးတွေသွားလာလို့မရတာကြောင့် လက်ရှိပူတာအိုမြို့နယ်ထဲက လူသုံးကုန်၊စားသောက်ကုန်နဲ့အခြားကုန်စည်တွေသယ်ယူဖို့ အိမ်စီးကားတွေကိုသာအသုံးပြုနေရတာကြောင့် ကုန်စည်အဝင်နောက်နှေးတာနဲ့ကုန်စျေးနှုန်းတက်တာတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

ပူတာအိုမြစ်ကြီးနားလမ်းပိုင်းမှာ ပြီးခဲ့တဲ့မေလတုန်းကလည်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် နေရာကွက်ကျားလမ်းမြေပြိုတာ၊ တံတားငယ်တွေပျက်စီးတာတွေရှိခဲ့ပြီးအချို့နေရာတွေမှာလက်ရှိအချိန်ထိမပြုပြင်နိုင်သေးတာကြောင့် အိမ်စီးကားတွေကအစခက်ခက်ခဲခဲ သွားလာနေရတယ်လို့သိရပါတယ်။

မြစ်ကြီးနားပူတာအိုကားလမ်းပိုင်းဟာနှစ်စဥ်မိုးရာသီကာလမှာ လမ်းပြိုတာ၊တံတားကျိုးတာတွေဖြစ်လေ့ ဖြစ်ထရှိပြီး ၂၀၂၄ ခုနှစ်ဇွန်လှိုင်လတုန်းကလည်းလမ်းမြေပြိုမှုကြောင့်တစ်လ နီးပါးကြာ အသွားအလာပြတ်တောက်ခဲ့ပြီး ဓာတ်ဆီတစ်လီတာကို ကျပ် ရှစ်သောင်း အထိစျေးတက်ခဲ့ဖူးပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button