ရွာလုံးကျွတ် ရေထဲမျောပါသွားတဲ့ ထလာထုရွာပြည်သူများအတွက် အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ၊ပူတာအိုခရိုင် နောင်မွန်မြို့နယ်ထဲက ရေဘေးသင့်ခဲ့တဲ့ ထလာထုကျေးရွာနေပြည်သူတွေဟာ နောင်မွန်မြို့ပေါ်ကို ရွှေ့ပြောင်းလာကြပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။
အိမ်ခြေ ၁၄ အိမ်ရှိတဲ့ ထလာထု ကျေးရွာမှာ ဇွန်လ ပထမပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေအားလုံး ရေစီးထဲမျောပါသွားခဲ့တာဖြစ်ပြီး အဲ့ဒီရေဘေးသင့်ပြည်သူတွေဟာလက်ရှိနောင်မွန်မြို့ပေါ်ကိုပြောင်းရွေ့နေထိုင်လာကြတာကြောင့် အကူအညီတွေလိုအပ်နေတာလို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“လောလောဆယ်ကဘုရားကျောင်းမှာပဲနေကြတုန်း စားဖို့သောက်ဖို့ကတော့အလှုရှင်တွေလိုအပ်တယ်ကူညီပေးကြဖို့ပေါ့”လို့ သူကပြောပါတယ်။
ရေဘေးသင့်ခဲ့တဲ့ ထလာထုတရွာလုံးပြည်သူတွေဟာ လက်ရှိမှာတော့ ကနဦးရောက်လာတဲ့ အိမ်ထောင်စု( ၅) စုကိုနောင်မွန် C.O.C ဘုရားကျောင်းဝန်းထဲမှာ နေရာချထားပေးပြီး နောက်ထပ်ရောက်လာဖို့ရှိသေးတယ်လို့သိရပါတယ်။
နောင်မွန်ဘုရားကျောင်းမှာ ခိုလှုံလာကြတဲ့ ထလာထုရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်၊ဆေးဝါးနဲ့ တကိုယ်ရေသုံးပစ္စည်းတွေကအစ အကူအညီတွေလိုအပ်နေကြောင်း သိရပါတယ်။
“သူတို့ကအနည်းဆုံးတစ်နှစ်လောက်တော့ ဘုရားကျောင်းဝန်းမှာပဲဒုက္ခသည်လိုမျိုးနေသွားဖို့များတယ်တစ်နှစ်စာက စားဖို့သောက်ဖို့ကစ၊ဆေးဝါးကစအခက်အခဲတော့ရှိမှာလောလောဆယ်တောင်စားဖို့သောက်ဖို့အကူအညီလိုအပ်နေတာ တချို့အသက်ကြီးသူတွေကလေးသေးလေးလေးတွေကောပါတယ်လေး ဆေးဝါးတွေကဒီမှာလည်းမရှိဘူးရှားတယ် ဆေးဝါးတွေလည်းလိုအပ်နေတာပေါ့အကူအညီကတော့အများကြီးလိုအပ်တယ်ပြောတယ်”လို့ နောက်ထပ် နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦး ပြောပါတယ်။
အဲ့ဒီရေဘေးသင့်အိမ်ထောင်စုတွေကို နောင်မွန်မြို့ပေါ်မှာ ပြန်လည်နေရာချထားပေးမှာဖြစ်ကြောင်းလည်းသိရပါတယ်။
ထလာထုကျေးရွာဟာ နောင်မွန်မြို့အရှေ့ဘက်တွင်တည်ရှိပြီး မြို့နဲ့ ဆိုင်ကယ်ဖြင့် ၄ ရက်ကြာသွားရတယ်လို့ သိရပါတယ်။
မေခ မြစ်ရေကြီးမှုကြောင့် လူနေအိမ်၊ သိုလှောင်ထားတဲ့ဆန်၊ စပါး၊ အိမ်မွေးတိရိစ္ဆာရန်တွေအားလုံး မျောပါသွားပြီး လက်ရှိ အရေးပေါ် အကူအညီတွေ လိုအပ်နေတာလို့သိရပါတယ်။
ထလာထုကျေးရွာဟာ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့တုန်းကလည်း တစ်ရာလုံး မီးလောင်ပြာကျရာကနေပြန်လည်ထူထောင်ရေးလုပ်ထားတဲ့ကျေးရွာဖြစ်ပါတယ်။
ရဝမ်လူမျိုးတွေအဓိကနေထိုင်ကြတဲ့တလာ ထုကျေးရွာဟာ မီးဘေး၊ ရေဘေးတွေ မကြာခနကြုံနေရတာကြောင့် နောင်မွန်မြို့ပေါ်ကိုပြောင်းရွေ့နေထိုင်လာကြဖို့ နောင်မွန်မြို့ပေါ်က ခရစ်ယာန်ဓမ္မဆရာတွေသွားရောက်စည်းရုံပြောဆိုရာကနေအခုလိုပြောင်းရွေ့လာကြတာလို့သိရပါတယ်။
နောင်မွန်မြို့နယ်မှာ ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကမိုးကြီးရေကြီးမှုကြောင့် မေခချောင်း ရေမြင့်တက်တာ၊ တောင်ကျချောင်းရေကြီးတာတွေကြောင့် လမ်းပြိုတာ၊ တံတားကြီး တံတားငယ်တွေ ကျိုးကျပျက်စီးမှုအများအပြား ဖြစ်ပေါ်နေပြီး အသွားအလာပြတ်တောက် နေဆဲဖြစ်ပါတယ်။
By – Zaw Zaw



