သတင်း

မြစ်ကြီးနားမှာ ဆိုင်ကယ်လုယက်မှု ထပ်မံဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ် ၆ ဦးကနေပြီးတော့ ဆိုင်ကယ်တစ်စီးလုယက်တဲ့ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့တယ်လို့ လုယက်ခံရသူနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃၁ ရက် မနေ့ည ၉ နာရီဝန်းကျင် စီတာပူရပ်ကွက် Autumn hotel လမ်းနား အမှိုက်ပစ်ဖို့ ဆိုင်ကယ်အတူစီးလာတဲ့ ယောင်္ကျားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦးကို လူ ၆ ဦးက လမ်းမှာရပ်ခိုင်းပြီး ရိုက်နှက်ကာ ဆိုင်ကယ်လုယူသွားခဲ့တယ်လို့ ကျူးလွန်ခံရသူနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။

၆ ယောက်ထဲက တစ်ယောက်က တားလိုက်တာ ရပ်ရပ်ဆိုပြီးမှ သူတို့နှစ်ယောက်ကလည်း လိမ်လိမ်မာမာနဲ့ ရပ်ပေးလိုက်တယ်။ ရပ်ခိုင်းတဲ့သူက ဘယ်ကလာလဲ ဖုန်းတွေပါလားဆိုတာဘဲ စစ်တာ အရပ်ရှည်ရှည်နဲ့ တစ်ယောက်ကတော့ ဆိုင်ကယ်မှပါတဲ့ အစ်ကိုတစ်ယောက်ကို ရိုက်ပြီးမှ ဆိုင်ကယ်ယူသွားတာ ကောင်းမလေးကိုကျတော့ ဘာမလုပ်သွားဘူးလို့ ဆိုပါတယ်။

ရိုက်နှက်ခံရတဲ့ ယောက်ကျားလေးက မျက်နှာနဲ့ လက်တချို့နေရာတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး လို့ ပြောပါတယ်။

လုယက်ခံရတဲ့ ဆိုင်ကယ်က Canda 125 အမျိုးအစားဖြစ်ပြီး ဘက်ထရီဆိုင်ကယ်တွေမှာ အသုံးပြုတဲ့ ထီးမိုးခရမ်းရောင်ကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။

လုယက်မှုကျူးလွန်တဲ့ လူငယ် ၆ ဦးဟာ အသက်၂၀ ဝန်းကျင်အရွယ် လူငယ်တွေဖြစ်တယ်လို့ သိရပြီး ဆိုင်ကယ်တစ်စီးမှာ ၃ ဦးစီးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆိုင်ကယ်လုယက်သူ တွေရဲ့လက်ထဲမှာ တုတ်တွေ ဓားတွေအပြင် သေနတ်တွေလည်း ကိုင်ဆောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလှိုင်လ ၁၇ရက်နေ့ ည၁၀ခွဲဝန်းကျင်အချိန်တုန်းကလည်း ခေမာသိရိရပ်ကွက်မှာ အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေတဲ့ အသက် ၄၀ဝန်းကျင်အရွယ် အမျိုးသားကို အသက်၂၀ကျော်ဝန်းကျင်အရွယ် လူလတ်ပိုင်း အမျိုးသား၆ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လုယက်ခဲ့ရတဲ့ သူဘက်ကလည်း ပြန်လည်ခုခံကာကွယ်နိုင်ခဲ့တဲ့အတွက် ဆိုင်ကယ်ကတော့ ပါမသွားဘူးလို့ သိရပါတယ်။

အလားတူ ဇူလှိုင်လ အတွင်းမှာဘဲ ခုလို အုပ်စုဖွဲ့လုယက်ခဲ့တဲ့ ဖြစ်စဉ်သုံးကြိမ်တိတိရှိခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။ 

မြစ်ကြီးနားမြို့မှာလုယက်မှုတွေ၊ အိမ်ထဲထိ ဝင်ရောက်ဖောက်ထွင်းမှုတွေ မကြာခန ဖြစ်နေပေမယ့် ထိရောက်စွာ အရေးယူမှုတွေ ဖမ်းဆီးနိုင်မှုတွေတော့ နည်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNG စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်ထိရှိခဲ့ပါတယ်။

 ဒီအချက်လက်ဟာ KNG ကစုစည်းထားတဲ့ အချက်တွေသာဖြစ်ပြီး မြေပြင်နဲ့ကွဲလွှဲမှုအများကြီးရှိနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကချင်ဒေသမှာ ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြေပြင်အချက်သိရဖို့ခက်ခဲနေဆဲကြောင့်ဖြစ်ပါတယ်။

Data For Myanmar ရဲ့ ပြုစုထားချက်အရ အာဏာသိမ်းပြီး ၃ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း ဘဏ်တွေဝင်ရောက် လုယက်ခဲ့တဲ့ဖြစ်စဉ် ၂၅ ခုနဲ့ ရွှေဆိုင်လုယက်မှုဖြစ်စဉ် ၅၇ ခုရှိခဲ့တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button