တိုက်ပွဲသတင်း

ဗန်းမော်စစ်ရေး ပြန်ပြီးအားကောင်းလာကြောင်း KIO ပြော

ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်လွတ်ထားတဲ့ တပ်နေရာတွေရဲ့ ရှေ့တန်းကာကင်းတပ်စခန်းတွေကို ဆက်သိမ်းပိုက်တာတွေရှိနေပြီး ဗန်းမော်စစ်ရေးအခြေအနေအရ ပြန်ပြီးအားကောင်းလာတယ်လို့ KIO ပြောပါတယ်။

စစ်ရေးအရဆိုပြန်အားကောင်းလာတယ်လို့ပြောလို့ရပါတယ်။ ဧရာဝတီမြစ်ကမ်းနဘေး မြို့မစည်ပင်ရုံးတွေရှိတဲ့ဘက်မှာလည်း တော်တော်ရှင်းလင်းဆောင်ရွက်လာနိုင်တာတွေရှိတယ်။ ပြီးရင် ဒီမနက်ကြတော့ ဗန်းမော် ၂ မိုင်၊ ၃ မိုင်နေရာက ရှေ့တန်းလုံခြုံရေးယူထားတဲ့ကာကင်းတွေကို ပြန်ပြီးနေရာယူရှင်းလင်းနိုင်တာတွေရှိလာတယ်။ ဟိုလို ခလရ ဆိုပြီး တပ်အကြီးနေရာတွေက သိမ်းပိုက်နိုင်တာတော့မရှိသေးပါဘူးလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

လက်ရှိ ဗန်းမော်တိုက်ပွဲဟာ ဗန်းမော် နဲ့ မိုးမောက်သွားတဲ့ လမ်းမပေါ် ၂ မိုင်၊ ၃ မိုင်နေရာတွေမှာ စက်တင်ဘာလကုန်ပိုင်းကနေ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာ လက်လွတ်လိုက်ရတဲ့ နေရာတစ်ချို့ကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့လည်း KIA ရှေ့တန်းသတင်းရင်းအမြစ်တစ်ဦးက ဆက်ပြောပြပါတယ်။

မနောကွင်းတစ်လျှောက်ပေါ့လေ လက်လွတ်လိုက်ရတဲ့ နေရာတစ်ချို့ကို ပြန်ရယူတာတွေရှိတယ်။ ပြီးခဲ့တဲ့လတွေမှာ စစ်တပ်တိုက်ခိုက်လို့ လက်လွတ်ထားတဲ့နေရာတွေ ပြန်တိုက်ယူတဲ့သဘောပါလို့ပြောပါတယ်။

အောက်တိုဘာလ ၉ ရက် ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ နေရာက ကာကင်းစခန်း ၃ နေရာလောက်ကို ပြန်ပြီးရယူခဲ့တယ်လို့လည်း KIA စစ်ရေးသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ၂၉ ရက်နေ့မှာလည်း ခလရ ၄၇ တပ်ရင်းရဲ့ ကာကင်းစခန်းတစ်ခု၊ ဗန်းမော် ၂ မိုင်နေရာက စစ်တပ်သိမ်းပိုက်ထားတဲ့ ရွှေပြည်သာ KBC ဘုရားကျောင်းဝင်းနေရာ KIA ပူးပေါင်းတပ်ဘက်က ပြန်လည်ရယူခဲ့တာဖြစ်ပါတယ်။

စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ဗန်းမောက်တိုက်ပွဲမှာ တိုက်ပွဲနေရာကျယ်ပြန့်ပြီး စက်တင်ဘာလအတွင်းကနေ ဗန်းမော်လေယာဉ်ကွင်းနဲ့ မနောကွင်းတွေမှာ အဓိကတိုက်ပွဲနေရာအဖြစ် ဖြစ်ပွားနေတယ်လို့ပြောပါတယ်။

ဇူလိုင်လအထိ ဗန်းမော်တိုက်ပွဲမှာ စစ်ရေးအသာစီးရနေတဲ့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဗန်းမော်အတွက် အရေးပါတဲ့ စကခ (၂၁) နေရာနဲ့ မြို့တွင်း၊ စစ်တပ်နေရာယူထားတဲ့ နေရာတွေကို ပစ်ရှင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဩဂုတ်လလောက်ကနေ စစ်တပ်ရဲ့ စစ်လက်နက်၊ ရိက္ခာတင်တဲ့ စစ်သင်္ဘော အစီး ၂၀ ကျော်တင်ပို့နိုင်ခဲ့ပြီးနောက် စစ်တပ်က KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို တန်ပြန်ထိုးစစ်ဆင်ပြီး တပ်နေရာတစ်ချို့ကို ပြန်လက်လွတ်လိုက်ရတာဖြစ်ပါတယ်။

ဗန်းမော်တိုက်ပွဲဟာ ကချင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ KIA နှစ်ဖက်တပ်ရဲ့ စစ်ရေးကာလအကြာမြင့်ဆုံး မြို့သိမ်းတိုက်ပွဲအဖြစ် ၁၀ လကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ ဒုတိယ်မြို့အဖြစ်တည်ရှိနေတဲ့ ဗန်းမော်မြို့ကို စစ်တပ်က မြို့လက်မလွတ်ရေးအတွက် လေကြောင်း၊ ရေကြောင်း၊ မြေပြင်စစ်အင်အား အများအပြားအသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းကနေ မြို့သိမ်းတိုက်ပွဲဖော်ဆောင်လိုက်တဲ့ KIA ဘက်ကလည်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဗန်းမော်မြို့တစ်ခုတည်းသာကျန်ရှိနေတော့တာဖြစ်တဲ့အတွက် မြို့တစ်စုံလုံးကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button