မြစ်ကြီးနား-မန္တလေး ခရီးသွားကားတွေ တိုက်ခိုက်ခံရလို့ ထိခိုက်ပျက်ဆီးမှု များပြား
မြစ်ကြီးနား-မန္တလေး ဗျူဟာလမ်းမကြီးပေါ် ခင်ဦးမြို့နယ် အမှတ် ၃ လမ်းဆုံနေရာက ဆီခြံတစ်ခုကို စစ်ကောင်စီက လေကြောင်း ကနေ ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးတို့နဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ပျက်ဆီးမှု များပြားခဲ့တယ်လို့ ကားသမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မြစ်ကြီးနား-မန္တလေး လမ်းပိုင်းမှာ ပိတ်မိနေတဲ့ကားသမားတွေဟာ အဲ့ဒီဆီခြံမှာလမ်းအဖွင့်ကိုစောင့်နေကြရာကနေ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။
အဲ့ဒီ တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ဆီပေပါ ၃၀၀ နီးပါး ပျက်ဆီးခဲ့ရသလို ဒဏ်ရာရရှိသူက ၁၀ ဦး ထက်မနည်းရှိခဲ့ တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိတဲ့ကားသမားတစ်ဦးက အခုလို ပြောပါတယ်။
“အဲ့ဒီနေရာက ဆီခြံလို့သိရတယ်။ ဆီခြံဆိုတော့ ကွင်းပြင်ကျယ်တာပေါ့ အဲ့တော့ ပိတ်မိနေတဲ့ကားကြီးတွေ၊ လမ်းပိတ်နေတဲ့ ကားတွေက အဲ့ထဲကိုသွားနေကြတာပေါ့။ လမ်းပေါ်မှာနေတာထက်စာရင် အဲ့မှာသွားနေကြတာပေါ့။ လူထိခိုက်မှုကတော့ အသေအပျောက်က ၂ ယောက်၊ ကားတွေလည်းပျက်ဆီးတယ်။ ဆီပေပါတွေလည်းထိကုန်တာပေါ့။” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာကို မြေနီသျှိုလမ်းဆုံလို့ ဒေသခံတွေကခေါ်ကြပြီး ရွှေကူ၊ဗန်းမော်၊ ကျောက်တန်း၊ ကောလင်း၊ မြစ်ကြီးနား စတဲ့မြို့ကြီးတွေကိုသွားလို့ရတဲ့ အချက်အချာကျတဲ့လမ်းဆုံဖြစ်တယ်လို့ကားသမားတွေကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလမ်းဆုံတစ်ဝှိုက်မှာပဲ နှစ်ဖက်တပ်တွေက လမ်းတွေပိတ်ထားကြတာလို့သိရပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းက စလို့ နှစ်ဖက်တပ်တွေရဲ့တိုက်ပွဲတွေအကြား မြစ်ကြီးနား-မန္တလေးလမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် အလည်အပတ် ခရီးသွားတွေ မရှိခဲ့တာကြာမြင့်လာပြီဖြစ်ပါတယ်။
“ယာဥ်ကြောပိတ်ဆို့၍ လူစုလူဝေး ဖြစ်နေသော၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သား အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက် စစ်တပ်မှ ရက်စက်စွာ ဂျက်ဖိုက်တာ လေးစီး၊ ဂျိုင်ရိုကော်ပတာ သုံးစီးတို့ဖြင့် အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်” လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကစလို့ မြစ်ကြီးနား-မန္တလေး ဗျူဟာလမ်းမ ပေါ်က ခင်ဦး၊ ရွှေဘိုမြို့နယ်လမ်းဆုံနေရာတွေကို ပိတ်ဆို့ထားပြီး မြစ်ကူးဆိပ်အပါအဝင် စစ်ဘေးရှောင်တွေခိုလှုံနေတဲ့နေရာတွေ အပါအဝင် ခရီးသွားကားတွေ ပိတ်မိနေတဲ့နေရာတွေကိုလေကြောင်း တိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ကဆိုရင်လည်း မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ဝက်လက်မြို့နယ်ထဲက ပိတ်မိနေတဲ့ခရီးသွားကားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် ရဟန်းသံဃာနဲ့အဖွားအိုတွေအပါအဝင် ခရီးသွား ၆ ဦးအထိသေဆုံး ခဲ့ရပါသေးတယ်။
By Ah Moe



