မြေရှားလုပ်ငန်းခွင်မှာ လုပ်ခလစာပိုလျော့နည်းလာတယ်လို့ အလုပ်သမားတွေပြော
ကချင်ပြည်နယ်အထက်ပိုင်း ပန်ဝါ၊ချီဖွေ၊ဖရဲဒေသက မြေရှားလုပ်ကွက်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ လုပ်ခလစာရရှိမှု ပိုပြီးလျော့နည်းလာတယ်လို့ မြေရှားလုပ်ကွက်မှာ လုပ်ကိုင်နေသူတွေပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အထိ မြေရှားလုပ်ကွက်မှာ ထမင်းချက်တာ၊ ရေကြည့်တာ၊ ကျင်းတူးတာ၊ အထွေထွေလုပ်သားအားလုံး တစ်လလျှင် တရုတ်ယွင်ငွေ ၅၀၀၀ ဝန်းကျင်ရရှိကြပေမယ့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လုပ်ခလစာ တရုတ်ယွမ်ငွေ ၄၀၀၀ အောက်သာ ရရှိကြောင်း မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“အရင်က ဘယ်အလုပ်လုပ်ပဲဖြစ်ဖြစ် ယွင် ၅၀၀၀ ဝန်းကျင်ရတယ်။ ခုက မရတော့ဘူးလေ အများဆုံး ယွမ် ၃၉၀၀ လောက်ပဲရတယ် ဒါအများဆုံးပဲ။ လစာကပိုနည်းလာတယ်”လို့ ပြောပါတယ်။
မြေရှားဆိုတာ ဖုန်း၊ ကွန်ပျူတာ၊ လျှပ်စစ်ကားဘက်ထရီနဲ့ နည်းပညာပစ္စည်းအများအပြား ထုတ်လုပ်ရာမှာ အသုံးပြုရပြီး နိုင်ငံတကာဈေးကွက်မှာ အရေးကြီးတဲ့ သယံဇာတတစ်ခုဖြစ်သလို ရွှေ၊ကျောက်စိမ်းထက်အဖိုးတန်တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေကဆိုပါတယ်။
ဒါပေမယ့် ဒီလို အရေးကြီး၊တန်ဖိုးကြီးတဲ့ သယံဇာတကို တူးဖော်ထုတ်လုပ်နေတဲ့အလုပ်သမားတွေကတော့ အကျိုးခံစားခွင့် လုပ်ခလစာ တစ်နေ့ထက်တစ်နေ့ ပိုပြီးနည်းလာနေတာလည်းဖြစ်ပါတယ်။
မြေရှားလုပ်ကွက်မှာလုပ်ကိုင်ရတဲ့အမျိုးအစားတွေက ကျင်းတူးတာ ၊ထမင်းချက်တာ၊ရေကြည့်တာအပြင် လုပ်ကွက်မှာလိုအပ်သမျှအလုပ်တွေကို လုပ်ပေးရတဲ့အထွေထွေလုပ်သားစသဖြင့် အလုပ်အမျိုးစားခွဲထားတယ်လို့ သိရပါတယ်။
ရေကြည့်တဲ့အလုပ်ကို နေ့ဆိုင်း၊ညဆိုင်းခွဲထားပြီး အဓိက မြေရှားစစ်ယူနိုင်ဖို့ အက်ဆစ်နဲ့ရေကိုဆတူရောထားတဲ့ (မြေသားအရည်ပျော်ဆေး) သိုလှောင်ကန်ကနေတစ်ဆင့် ရေပိုက်သွယ်တန်းတဲ့တစ်လျှောက် ရေပိတ်၊ မပိတ်လိုက်ကြည့်ရတဲ့အလုပ်ဖြစ်တယ်လို့ သိရပါတယ်။

ရေပိတ်နေတဲ့ ပိုက်တွေကို ရှင်းရတာ၊ ရေပိုက်သွယ်ထားတဲ့အတိုင်း တောင်ပေါ်၊တောင်စောင်း၊ တောင်အောက် ရေကန်အထိ လိုက်ကြည့်ရတာဖြစ်ပြီး မိုးတွင်းကာလဆို ပိုအန္တာရယ်များတယ်လို့ လုပ်ငန်းခွင်မှာလုပ်က်ိုင်နေသူတစ်ဦး ခုလိုပြောပါတယ်။
ဒီအလုပ်ဟာ ညအချိန်မတော် လိုက်ကြည့်ရပြီး မိုးတွင်းကာလဆို တောင်ပြိုတာကြုံနိုင်ပြီး အန္တရယ်ကြီးတဲ့အလုပ်ဖြစ်ပေမယ့် တရုတ်ယွင်ငွေ ၃၈၀၀ အထိ ရရှိတယ်လို့ သိရပါတယ်။
“ရေကြည့်တဲ့အလုပ်က လွယ်တယ်ထင်ကြတယ် တကယ်တော့မလွယ်ဘူး။ တောင်တွေတက်ပြိီး ရေပိုက်သွယ်ထားတဲ့တစ်လျှောက် တောင်တက်၊တောင်ဆင်းလိုက်ကြည့်ရတာဟုတ်တယ်။ မိုးတွင်းဆို တောင်တွေပြိုနိုင်တယ် အန္တရာယ်လည်းရှိတာ ညဆိုရင်လည်း ရေပိတ်နေပြီဆိုရင်သွားကြည့်ရတယ်။ ဒါတောင် လစာက အရင်လိုမရဘူး”လို့ ပြောပါတယ်။
နောက်ထပ် ကျင်းတူးတဲ့အလုပ်ဆိုတာက အပေါ်ကျင်း၊ဘေးကျင်းရှိပြီး အပေါ်ကျင်းဆိုတာ သံချောင်းတွေနဲ့ ၉ မီတာအထိဖောက်ရတဲ့အလုပ်ဖြစ်တယ်လို့သိရပြီး လစာက ကျင်းတစ်ကျင်းကို ၅ ယွင်ရရှိကာ တစ်ရက်လျှင် ကျင်း ၂၅၀ ဝန်းကျင်ထိတူးနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘေးကျင်းကတော့ တောင်ထိပ်ကရေလှောင်ကနေတစ်ဆင့် တောင်စောင်း အက်ဆစ်ရည်စီးထွက်လာနိုင်အောင် စက်တွေနဲ့အပေါက်ဖောက်ရတဲ့အလုပ်ဖြစ်ပြီး ဒီအလုပ်ကလည်း အန္တာရယ်များတဲ့အလုပ်ဖြစ်တယ်လို့ပြောကြပါတယ်။

ဒါပေမယ့် ဒီအလုပ်တွေအားလုံးက တရုတ် ယွမ်ငွေ ၃၈၀၀ ဟာ အများဆုံးရရှိနေပြီး မြန်မာကျပ်ငွေ ကာလတန်ဖိုးနှုန်းထားအရဆို ငွေကျပ် ၂၂ သိန်း ဝန်းကျင်ရရှိတယ်လို့ လုပ်ငန်းခွင်မှာလုပ်ကိုင်နေသူတွေပြောပါတယ်။
ခုလိုလစာလျော့နည်းလာတာဟာ တရုတ်လုပ်ငန်းရှင်တွေဘက်က KIO အစိုးရဆီကို အရင်ထက် ပိုအခွန်ဆောင်ရတာကြောင့်ဖြစ်တယ်လို့ တရုတ်တွေကပြောဆိုလာကြောင်း မြေရှားလုပ်ကွက်မှာ အလုပ်လုပ်နေတဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးပြောပါတယ်။
“သူတို့ပြောတာ အရင်က ဇခုန်တိန့်ယိန်းခေတ်မှာ အခွန် ၂၅ ရာခိုင်နှုန်းဆောင်ရတယ်။ ခု KIO အစိုးရဆီမှာဆိုရင် ၅၀ ရာခိုင်နှုန်းဆောင်ရလို့ လစာကတိုးပေးလို့မရဘူးပြောတယ်။ ဟုတ်မဟုတ်တော့ ကျနော်တို့တိတိကျကျတော့ မသိဘူး တရုတ်တွေပြောတာပဲ”လို့ ပြောပါတယ်။

မြေရှားထွက်ရှိရာ ပန်ဝါ၊ချီဖွေ၊ဖရဲ၊ဆော့လော်ဒေသတွေကို အရင်က ကချင်အထူးဒေသ (၁) နယ်ခြားစောင့်တပ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းထိန်းချုပ်မှုအောက်ရှိပြီး အာဏာမသိမ်းခင် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ထိ မြေရှားထုတ်လုပ်မှုတွေဟာ သိသိသာသာများလာခဲ့ပြီး လုပ်ခလစာကလည်း တရုတ်ယွင်ငွေ ၅၀၀၀ မြန်မာကျပ်ငွေ သိန်း ၃၀ ဝန်းကျင်ရရှိခဲ့ကြတာလို့ သိရပါတယ်။
ဒါပေမယ့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်း ပိုက်လိုက်ပြီး ဒီမြေရှားလုပ်ငန်းခွင်အားလုံးကို KIO/KIA ထိန်းချုပ်မှုအောက်ရောက် ရှိသွားတာလည်းဖြစ်ပါတယ်။
KIOထိန်းချုပ်မှုအောက် မြေရှားလုပ်ကွက်တွေအသစ်ချမှတ်ပေးတာမရှိပဲ လုပ်ကွက်အဟောင်းတွေကိုသာ ဆက်လုပ်ကိုင်ခွင့်ပြုသလို တစ်ဖက်မှာလည်း အခွန်ကိုတင်းကြပ်လိုက်တာကြောင့် တရုတ်လုပ်ငန်းရှင်တွေဘက်က ခုလိုအလုပ်သမားတွေအပေါ် လုပ်ခလစာလျော့ချလာတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရ ကချင်ပြည်နယ်ကနေ တရုတ်ဆီကို မြေရှားသတ္တုတင်ပို့မှု ရပ်ဆိုင်းထားရာကနေ ပြန်လည်တင်ပို့ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ဖော်ပြလာခဲ့ပါတယ်။
KIO/KIA အနေနဲ့ မြေရှားသတ္တုများကို တရုတ်ထံ တင်ပို့ခွင့်ပြန်လည်ခွင့်ပြုရာမှာ တစ်တန်လျှင် အခွန်အဖြစ် ယွမ် ၃၅,၀၀၀ (စင်ကာပူဒေါ်လာ ၆၄၆၀) သတ်မှတ်ပေးခဲ့ကြောင်း မိုင်းတွင်းအဖွဲ့တစ်ဖွဲ့ထံမှ သိရှိရတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် KIO/KIA အနေနဲ့ တစ်တန်မှာဘယ်လောက်ရရှိလဲဆိုတာကိုတော့ တိတိကျကျသိရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မြေရှားလုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတဲ့ လုပ်သားတွေနဲ့ပတ်သက်ပြီး လုပ်ခလစာတွေကိုသတ်မှတ်ပေးတာတွေလုပ်ပေးစေချင်တယ်လို့ မြေရှားလုပ်ငန်းခွင်မှာလုပ်ကိုင်နေ သူတွေပြောပါတယ်။
နည်းပညာတိုးတက်လာတာနဲ့အတူ မြေရှားဟာ အရေးကြီးသယံဇာတဖြစ်ပေမယ့် ဒေသခံအလုပ်သမားတွေကတော့ တန်ဖိုးနည်းလုပ်ခနဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေရတဲ့ အခြေအနေဖြစ်နေတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူတွေပြောပါတယ်။
“ကိုယ့်နိုင်ငံတွင်းက မြေရှားလုပ်ကွက်ပဲမဟုတ်ဘူး။ဘယ်လုပ်ငန်းခွင်မှာဖြစ်ဖြစ် အလုပ်သမားတွေနဲ့ပတ်သက်ပြီး အလုပ်သမားတစ်ယောက် ရရှိသင့်တဲ့အကျိုးခံစားခွင့်တွေကို သေချာချမှတ်ပေးဖို့လိုပါတယ်။ခုမြေရှားဆိုရင် တော်တော်အန္တာရယ်များတဲ့အလုပ်လေ ဒီလိုအလုပ်မှာဆိုရင် ပိုပြီးတော့တောင်မှ လုပ်ပေးရမှာဟုတ်တယ်။ခုက ဘာအာမခံချက်လည်းမရှိဘူး”လို့ ကချင်လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူတစ်ဦး ပြောပါတယ်။

အလားတူ လုပ်ငန်းခွင်ဘေးကင်းရေးစည်းမျဉ်းစည်းကမ်းတွေကိုလည်း တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်သင့်တယ်လို့ သူကဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး KNG က KIO ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ပန်ဝါနဲ့ ချီဖွေဒေသတွေဟာ ကချင်ပြည်နယ်အရှေ့ပိုင်း၊ တရုတ်နိုင်ငံနယ်စပ်မှာ တည်ရှိပြီး သယံဇာတအရင်းအမြစ်များစွာရှိတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒီဒေသမှာ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်ကစပြီး မြေရှား (Rare Earth) သတ္တုတူးဖော်ရေးလုပ်ငန်းတွေ စတင်လာခဲ့ပြီး အာဏသိမ်းကာလအတွင်းမှာတော့မြေရှားထုတ်လုပ်မှု တရှိန်ထိုးတက်လာနေတာလည်းဖြစ်ပါတယ်။
ISP Myanmar ရဲ့ဖော်ပြချက်အရ ကချင်ပြည်နယ် ချီဖွေနဲ့မိုးမောက်မြို့နယ်တွေမှာ မြေရှားလုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်း၊ သတ္တုပျော်ရည်ကန် ၂၇၀၀ ထက်မနည်းရှိနေတယ်လို့အစီရင်ခံစာမှာဖော်ပြထားပြီး အဲဒီထဲက ၂၄၀ ကျော်ဟာ အာဏာသိမ်းပြီးနောက် ချဲ့ထွင်လာတဲ့လုပ်ကွက်တွေဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံက မြေရှားထုတ်လုပ်မှုဟာ ၂၀၁၈ ခုနှစ် ၅,၀၀၀ တန်၊ ၂၀၁၉ ခုနှစ်မှာ ၂၅,၀၀၀ တန်၊ ၂၀၂၀ ပြည့်နှစ် ၃၀,၀၀၀ တန်၊ ၂၀၂၁ ခုနှစ်မှာ ၂၆,၀၀၀ တန် အသီးသီးထုတ်နိုင်ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်မှုမှာ (၄) နှစ်ဆက်တိုက် တတိယအများဆုံးနိုင်ငံဖြစ်နေကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။
By – ဂျာဘောက်ရာ



