သတင်း

မရှီကထောင်စစ်ရှောင်တွေ အိမ်တွင်းပစ္စည်းသယ်ယူဖို့ စစ်တပ်ငြင်းဆန်

တိုက်ပွဲနေရာဘက် စစ်အင်အားပြန်ဖြည့်နေ

တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ ဖားကန့် မရှီကထောင်ကျေးရွာနေပြည်သူတွေ အိမ်တွင်းပစ္စည်းတွေ သယ်ယူနိုင်ဖို့ စစ်ကောင်စီတပ်ဆီ ခွင့်ပြုပေးဖို့ သွားရောက်ပြောဆိုခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။

နေအိမ်စွန့်ခွာထားတဲ့ မရှီကထောင် စစ်ဘေးရှောင်ပြည်သူတွေ စုပေါင်းပြီး ပစ္စည်းတွေသယ်ယူနိုင်ဖို့ ဖားကန့် ဗျူဟာစစ်ကုန်းက G2 အဆင့်တဲ့ ဗိုလ်ကြီးတစ်ဦးသွားရောက်ပြောဆိုခဲ့ပေမယ့် ခွင့်ပြုချက်မပေးတဲ့အပြင် ခြိမ်းခြောက်ပြောဆိုလိုက်တယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဘာသာရေးက တာဝန်ရှိတဲ့သူတွေက တပ်မကုန်းကို သွားပြီး G2 အဆင့်ရှိတဲ့သူကို သွားပြီး ခွင့်သွားတောင်းတယ်။ အခု ဥရုဆိုင်းမော်ဇုံနယ် KBC အဖွဲ့တွေက ရုံးဝင်း အဆောက်အဦး ၂ ခု ဆုတောင်းကုန်းအောက်မှာပဲရှိတယ်။ အဲဒီထဲမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး တပ်စွဲထားတာဟုတ်တယ်။ ဒါကြောင့် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုံးတွင်းပစ္စည်းနဲ့ အိမ်တွင်းပစ္စည်းတွေ သွားသယ်ယူဖို့ ခွင့်သွားတောင်းတယ်။ ဒါပေမယ့် G2 အဆင့်ရှိတဲ့ သူကစစ်တိုက်နေတာ မင်းတို့မသိဘူးလား၊ သေချင်နေကြတာလားဆိုပြီးပြောလွတ်လိုက်တယ်လို့ပြောပါတယ်။

တိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူတွေကို အိမ်တွင်းပစ္စည်းတွေ ဝင်ရောက်သယ်ယူခွင့်မပြုတဲ့အပြင် ရွာလမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ကချင်နှစ်ခြင်းခရစ်ယာန် KBC ရုံးဝင်း၊ ဘုရားကျောင်းဝင်းနဲ့ အရပ်သားနေအိမ်တွေမှာ တပ်စွဲထားပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေ လုပ်နေတာဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေ နေအိမ်စွန့်စွာသွားတဲ့ တစ်ပတ်ကျော်အတွင်းမှာပဲ ဆုတောင်းကုန်းအနီးတဝိုက် စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေက သော့ခတ်ထားတဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိ အိမ်တွင်းပစ္စည်း၊ အသေးစား စက်ယန္တရားများ၊ ကျောက်စိမ်းတုံးများနဲ့ မီးသွေးခဲတွေပါမကျန် ခိုးယူ သိမ်းဆည်းနေတာဖြစ်တယ်လို့ မရှီကထောင် စစ်ရှောင်တွေပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ မရှီကထောင်ကျေးရွာအနောက်ဘက်ခြမ်း ဆုတောင်းကုန်းရှိတဲ့ ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာပြီး တိုက်ပွဲဖော်ဆောင်လိုက်တာကြောင့် ဆုတောင်းကုန်းအနီးတဝိုက်ရှိတဲ့ အိမ်ထောင်စု ၅၀ ခန့်က လက်ရှိ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

မရှီကထောင်စစ်ရှောင်အများပိုင်းက တိုက်ပွဲမဖြစ်တဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ တိမ်းရှောင်နေကြသလို တစ်ချို့က မိုးကောင်း၊ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်လာကြတာဖြစ်ပါတယ်။

ဖားကန့်တိုက်ပွဲက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ပိုင်း ပြန်လည်ငြိမ်သက်သွားပေမယ့် နှစ်ဖက်တပ် ပေ ၃၀၀ ခန့်လောက်သာ ကွာဝေးတဲ့နေရာမှာ အပြန်အလှန်စောင့်ကြည့်နေကြတာကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မရှီကထောင် ဆုတောင်းကုန်းနေရာကို အရင်သိမ်းပိုက်ပြီး နောက်ထပ် စစ်ရေးဗျူဟာဖြစ်တဲ့ ဆိုင်းတောင်(ဆိပ်မူ) ဂွေခါကျေးရွာတွေကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့ တိုက်ပွဲနှစ်ပတ်အတွင်းမှာ စစ်ရေးအောင်မြင်မှုမရရှိဘဲ မရှီကထောင်ဆုတောင်းကုန်း တောင်အောက်မှာ တပ်စွဲနေရာယူထားကြတာဖြစ်ပါတယ်။

လက်ရှိမှာ ဆုတောင်းကုန်းပေါ်မှာ KIA နဲ့ PDF တပ်တွေ နေရာယူထားတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်ကနေ ထပ်ပြီးတိုက်ပွဲဖော်ဆောင်နိုင်ဖို့ တိုက်ပွဲငြိမ်နေတဲ့ ရက်ပိုင်းအတွင်းမှာ စစ်အင်အားတွေ တဖြည်းဖြည်ပြန်ဖြည့်တင်းနေတယ်လို့လည်း ဆက်သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာလည်း ဖားကန့်မြို့အဝင် ယမ်ချက်စက်ရုံက စစ်အင်အားပါရှိတဲ့ တုန်ဖုန်းကား ၄ စီးနဲ့ ဖိုးဝီး ကား ၂ စီး ဖားကန့် ရေအေးချောင်းဘက်ကို စစ်အင်အားလာချသွားတယ်လို့ နောက်ထပ် ဖားကန့်ပြည်သူတစ်ဦးပြောပါတယ်။

ဒီမနက်က ယမ်းချက်ဘက်က စစ်ကောင်စီတပ်တွေ တုန်ဖုန်းကားတွေနဲ့ ဖားကန့်ဘက်ကို ရောက်လာကြတယ်။ အခုရောက်လာတဲ့ စစ်အင်အားနဲ့ ပေါင်းပြီး စစ်ကြောင်းပြန်ထိုးဖို့ရှိနေတဲ့သဘောရှိတယ်။ ဒါကြောင့် ရဲနဲ့ နယ်ထိန်းတွေက သွားစရာလာစရာရှိရင် သတိထားဖို့ အုပ်ချုပ်ရေးမှူးတွေကို ပြောဆိုထားတယ်။ ဒီအခြေအနေဆိုရင် တိုက်ပွဲကပြန်ပြီးဖြစ်လာဖို့ရှိနေတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိုင်းတောင်(ဆိပ်မူ)၊ ဂွေခါကျေးရွာတွေကို ဝင်ရောက်သိမ်းပိုက်နိုင်ဖို့ မရှီကထောင်ကျေးရွာအနောက်ဖက်ခြမ်းမှာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ ဇန်နဝါရီလကုန်ပိုင်းကနေ နှစ်ဖက်တိုက်ပွဲ ပြန်ဖြစ်နေတဲ့အတွက် ပြည်သူတွေဟာ ယခုဖြစ်နေတဲ့ တိုက်ပွဲအခြေအနေထက် ပိုပြီးပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button