သတင်း

မြစ်ကြီးနားမှာ ဘိလပ်မြေစျေးစံချိန်တင်မြင့်တက်၊ ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထားရတယ်လို့ဆို

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၈ သောင်းအထိစံချိန်တင်မြင့်တက်သွားတဲ့အပြင် ပြတ်လပ်မှုတွေလည်းရှိနေတာကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်နားထားရတယ်လို့ မြို့ခံတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကပြောပါတယ်။

ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းနဲ့တခြားသောကုန်ပစ္စည်းတွေဟာ မြစ်ကြီးနားမြို့ကို တရုတ်နိုင်ငံမှ နယ်စပ်မြို့ ကံပိုက်တီ ဂိတ်ကနေလည်းဝင်ရောက်သလို မန္တလေးမြစ်ကြီးနားလမ်းပိုင်းကနေလည်းအဓိကဝင်ရောက်နိုင်တာဖြစ်ပါတယ်။

ဒါပေမဲ့ မန္တလေးမြစ်ကြီးနားလမ်းပိုင်းက ကုန်ကားတွေကို ကန့်ဘလူခရိုင်ထဲကတိုက်ပွဲတွေကြောင့် နှစ်ဖက်တပ်တွေက သွားလာ ခွင့်ပိတ်ထားပြီး ကံပိုက်တီနယ်စပ်ဂိတ်ကဝင်ရောက်လာမယ့်ကုန်ကားတွေကိုလည်း မြစ်ကြီးနားမြို့အဝင် ဗလမင်းထင်တံတား စုပေါင်းဂိတ်နဲ့ ဆဒုံးလမ်းပိုင်းတွေမှာ စစ်ကောင်မရှင်တပ်တွေကဖြတ်သန်းခွင့်ပိတ်ထားတယ်လို့သိရပါတယ်။

တရုတ်ကနေလာတဲ့ကားတွေကိုကျ မြစ်ကြီးနား ဟိုဘက်ကမ်းကနေဂိတ်တွေကအဝင်မခံဘူး ပိတ်ထားတာ ကြာပြီ။ တစ်လ လောက်ရှိပြီထင်တယ်။ အောက်ပိုင်း(မန္တလေး) ကနေလာတာကလည်းလမ်းမှာပိတ်မိနေကြတာ။ နှစ်လမ်းလုံးပိတ်ထားတာပေါ့။ လုံးဝင်ကိုမဝင်ဘူး။ အခုကတော့ဘယ်ကဝင်လည်းမသိဘူး သောင်းတဲ့ တစ်အိတ်ကို။လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

PSA

ကုန်တင်ကားတွေမပိတ်မိခင် ပြီးခဲ့တဲ့လတွေက မြစ်ကြီးနားမြို့မှာ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၃သောင်းမှ ကျပ် ၄ သောင်း ခန့်သာရှိခဲ့ရာကနေ တစ်လအတွင်းကို ဘိလပ်မြေဈေးနှုန်းက ကျပ် ၈ သောင်းအထိကိုဈေးနှုန်းမြင့်သွားတာဖြစ်ပြီး ဆိုင်တချို့မှာဆို ဝယ်လို့မရဘဲပြတ်လပ်နေတဲ့အခြေနေလို့ သိရပါတယ်။

အခုလို ဘိလပ်မြေဈေးနှုန်း စံချိန်တင်မြင့်တက်တာ၊ပြတ်လပ်တာတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်ထားရပြီး ဒီအလုပ်ကိုမှီခိုပြီးလုပ်ကိုင်နေကြရတဲ့ ဆောက်လုပ်ရေးလုပ်သားတွေဟာအလုပ်တွေရပ်နားထားရသလို တချို့တွေကတော့ မိသားစုစားဝတ်နေရေးဖြေရှင်းဖို့အတွက် တပိုင်တနိုင်ရွှေကျင်တဲ့အလုပ်တွေလုပ်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပန်းရံအလုပ်သမားတွေဆိုတာက တစ်နေ့လုပ်မှတစ်နေ့စားတဲ့နေ့စားသမားတွေလေ။ ဘိလပ်မြေပြတ်တာနဲ့အလုပ်တွေက လည်းရပ်ကုန်တော့ သူတို့ကိုထိတာပေါ့။ တချို့ဆို လက်ကျင်းပေါ့ ရွှေသွားလုပ်နေကြရတယ်။ မိသားစုဝမ်းရေးကလည်း ရှိနေသးတယ်မဟုတ်လား။လို့နောက်ထပ် မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမန္တလေးဗျူဟာလမ်းပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအကြား ကုန်ကားတွေပိတ်မိနေတဲ့နောက်ဆက်တွဲ ကြောင့် ဘိလပ်မြေအိတ်တွေတင်မက မြစ်ကြီးနားမြို့မှာ ကုန်ပစ္စည်းနဲ့ အခြေခံဆေးဝါးတချို့ပြတ်လပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ မြစ်ကြီးနားမန္တလေးလမ်းပိုင်း ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်တွင် စစ်ကော်မရှင်တပ်၊ ခင်ဦးလမ်းဆုံအကျော် ယောက်သွားအိမ် နဲ့ ကုက္ကိုလ်ကုန်းဂိတ်တွင် ကာကွယ်ရေးတပ်၊ ကျောက်တန်းဂိတ်တွင် စစ်ကော်မရှင်တပ်တို့က နေရာယူအထိုင်ချ ထားကြပြီး စစ်ရေးအခြေနေပေါ်မူတည်ကာ ခရီးသွားကားတွေကို သွားလာခွင့်ပြုနေတာလို့သိရပါတယ်။

အခုလိုအခြေနေတွေကြောင့် မြစ်ကြီးနားမန္တလေးခရီးစဥ်ကို ခရီးသွားတွေအနေနဲ့ အရေးပေါ်ကိစ္စတစ်စုံတစ်ရာမရှိရင် ဖြတ်သန်း သွားလာခြင်းမလုပ်သေးတာကောင်းတယ်လို့ ကားသမားတွေကအကြံပြုထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button