ဟုမ္မလင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတစ်ချို့ပြည်သူများတိမ်းရှောင်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ပဲနုတ်ဆွပ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတဲ့အတွက် အနီးအနားကျေးရွာတစ်ချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်ညပိုင်းမှာ ပဲနုတ်ဆွပ်ရွာကို ဂျိုင်ရိုကော်ပတာနဲ့ တစ်ကြိမ်ဗုံးကျဲခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းမှာတော့ နောင်မော်ကျေးရွာက ရွှေမှော်လုပ်ငန်းလုပ်နေတဲ့နေရာတွေကို ထပ်မံဗုံးကျဲခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း ဂျက်ဖိုက်တာနဲ့ ထပ်ပြီးတိုက်ခိုက်မှုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲနုတ်ဆွပ်နဲ့နီးတဲ့ နောင်ပိုအောင်၊ ပေါက်ပင်၊ နောင်မော် စတဲ့ကျေးရွာတွေက လူတွေဟာ ဟုမ္မလင်းမြို့ဘက်ကို ဆိုင်ကယ်နဲ့ ထွက်ပြေးလာနေကြတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အောင်ပိုအောင်တို့၊ပေါက်ပင်တို့ကပဲနုတ်ဆွပ်နဲ့နီးတော့ အဲ့ဘက်လူတွေမြို့ပေါ်ကိုဆိုင်ကယ်တွေနဲ့စစ်ရှောင်လာကြတာမနေ့မနက်ပိုင်းကတည်းကနေစလာကြတယ် တချို့လည်းဘုန်းကြီးကျောင်းမှာတချို့လည်း အမျိုးတွေအိမ်မှာပဲ ဒီနေ့လည်းလေယာဥ်ဗုံးကျဲတယ်ပဲနုတ်ဆွပ်ဘက်ခြေနေရမ်းဆိုးတယ်”လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ဒေသခံတွေ ပြောပြချက်အရ ပဲနုတ်ဆွပ်နဲ့ နောင်မော်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီဘက်က တစ်ဖက်သတ် လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့ပေါ်က လူတစ်ဦးကလည်း”၂၂ ရက်နေ့က ဂျိုင်ရိုကော်ပတာနဲ့ကျဲတာ မြို့ပေါ်ကနေကြားရတယ်၊ လှမ်းလည်းမြင်ရတယ်။ မနေ့နဲ့ဒီနေ့ကတော့ ကလေးမြို့ဘက်က ဂျက်ဖိုက်တာလာပြီး ဟုမ္မလင်းလေဆိပ်မှာနားပြီးမှ ထပ်သွားကျဲတာ။ ဒီနေ့လည်း ပဲနုတ်ဆွပ်ဘက်ကို တနေ့လုံး ဝဲနေတယ်”လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့ နှစ်ရက်ဆက်တိုက်ဗုံးကျဲခံရမှုမှာ နောင်မော်နဲ့ပဲနုပ်ဆွပ်ရွာထဲက ဒေသခံပြည်သူ ၁၀ ဦးအပြင် ကာကွယ်ရေးတပ်ဖွဲဝင်လည်း ၂ ဦးသေဆုံးခဲ့ပြီး မနေ့ကအထိသေဆုံးသူ ၂၀ ဝန်းကျင်အထိရှိလာသလို ထိခိုက်ဒဏ်ရာရထားတဲ့သူတွေလည်းအများအပြားရှိနေကြောင်းသိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်က ပဲနုတ်ဆွပ်ကနေ ဟုမ္မလင်းဘက်ကို ထွက်တဲ့ လမ်းတွေကို ဖေဖော်ဝါရီ ၂၂ ရက်ညကတည်းက ပိတ်ထားတာကြောင့် ဒဏ်ရာရသူတွေ မြို့ပေါ်တက်ပြီး ဆေးကုသခွင့်မရသလို စစ်ဘေးရှောင်တွေလည်း ပိတ်မိနေတယ်လို့ သိရပါတယ်။
ဟုမ္မလင်း PDF နဲ့နီးစပ်သူ တစ်ဦးက“လမ်းပိတ်ထားတော့ ဒဏ်ရာရသူတွေ ဆေးလာကုချင်တောင် မလာနိုင်ဘူး။ ဒီနေ့ထိ လမ်းပြန်ဖွင့်တယ်ဆိုတာ မကြားရသေးဘူး။ တခြားရွာတွေဘက်က လူတွေတော့ ရောက်လာတယ်၊ ပဲနုတ်ဆွပ်ဘက်ကတော့ မရောက်လာနိုင်သေးဘူး”လို့နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။
ဒီနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထပ်မံသေဆုံးမှုရှိမရှိကိုတော့ KNG အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လမ်းတွေ ပိတ်ထားတာကြောင့် ပဲနုတ်ဆွပ်ဘက်က ရွာခံတွေဟာ တောတောင်တွေထဲ ယာယီထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။
နောင်မော်နဲ့ ပဲနုတ်ဆွပ်ကျေးရွာတွေဟာ ရွှေမှော်ဒေသတွေဖြစ်ပြီး ဟုမ္မလင်း PDF တပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်ပါတယ်။
ပဲနုတ်ဆွပ်ရွာနဲ့ မျက်နှာချင်းဆိုင်ဘက်မှာတော့ ဆပ်ကယား၊ ဖာနိုင်း စတဲ့ကျေးရွာတွေရှိပြီး အဲ့ဒီနေရာတွေမှာ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
ဒေသခံ စစ်ဘေးရှောင်တွေ ပြောပြချက်အရ မနေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမရှိပဲ စစ်ကောင်စီဘက်ကသာ လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့၊ လွှာစင်ကုန်းနဲ့ စစ်ကိုင်း–ကချင်အစပ်ဒေသက ကျေးရွာအများစုကို ဟုမ္မလင်း PDF တွေ ထိန်းချုပ်ထားပြီး နောင်ပိုအောင်၊ နန်တော၊ ဆပ်ကယားရွာတွေနဲ့ ဟုမ္မလင်းမြို့နဲ့နီးတဲ့ ကျေးရွာအများစုကိုတော့ SNA နဲ့ စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
By – အမိုး



