မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြစ်ကြီးနားမှာ မြစ်ဆုံအကောင်ထည်ဖော်ရေး လူထုတွေ့ဆုံပွဲ  ၃ ကြိမ်ရှိလာ

လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကြာရပ်နားခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းအကောင်ထည်ဖော်ရေး လူထုတွေ့ဆုံပွဲ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ မြစ်ကြီးနား မြို့မှာ စစ်ကော်မရှင်ကလူထုတွေ့ဆုံပွဲပြုလုပ်တာ ၃ ကြိမ်အထိရှိလာတာပဲဖြစ်ပါတယ်။

ဒီလူထုတွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၂၀ နေ့မှာ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာတစ်ကြိမ်၊ ဇန်နဝါရီလ ၂၉နဲ့ ၃၀ ရက်နေ့တွေက မြစ်ကြီးနားမြို့နယ် ပမ္မတီးကွက်သစ် လီဆူကွင်းနဲ့ မိုးလုံလေလုံကွင်းတို့မှာ ဧရာဝတီမြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ ခေါင်းစဥ်နဲ့ ဒေသခံ ကော်မတီဝင်၊ ပညာရှင်တွေနဲ့ ဒေသခံလူထုဆွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြတာလို့သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး၊ စစ်ကော်မရှင်အရာရှိများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့ အစည်းများအပြင်  ယူနန်တရုတ်ဘုံကျောင်းက ကျောင်းသား၊ကျောင်းသူများ အပါအဝင် သူနာပြုကျောင်း၊ အရန်မီးသတ်၊ ကြက်ခြေနီအဖွဲ့၊ လူမူရေးအသင်းအဖွဲ့၊ လုပ်ငန်းရှင်တွေ၊ ကချင်မျိုးနွယ်စုဝင်တွေ  မျိုးအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အခုလို စစ်ကော်မရှင်က မြစ်ဆုံကိစ္စအကောင်အထည်ဖော်ရေးဆက်တိုက်ပြုလုပ်လာတဲ့အပေါ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးနော်ဘူကအခုလိုပြောပါတယ်။

လက်ရှိအချိန်အထိတော့ KIO ဌာနချုပ်ကနေ ဘာမှသဘောထားထုတ်ပြန်ထားတာမျိုး၊ကြေငြာထားတာမျိုး မရှိသေးတော့ ပြောဖို့မရှိသေးဘူး။ ဒါပေမဲ့ အဓိကတော့ မြစ်ဆုံစီမံကိန်းကို အရင်ကလည်း ပြည်သူလူထုက အင်အားနဲ့ ဆန့်ကျင်ခဲ့ကြတာ ဖြစ်တဲ့အတွက် အခုလည်း ပြည်သူတွေအနေနဲ့ လူထုအင်အားနဲ့ အားစိုက်ပြီး ဆန့်ကျင်လိမ့်မယ်လို့မြင်ပါတယ်လို့ပြောပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွေမှာ စစ်ကော်မရှင်ခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကိုယ်တိုင်တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သလို ထောင်နဲ့ချီတဲ့မြို့ခံတွေတက်ရောက်ခဲ့ပြီး  မြစ်ဆုံစီမံကိန်း လုပ်‌ဆောင်ဖို့အတွက် အခုလိုလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်တာ  ကြိမ်မြောက်ရှိလာပြီလို့သိရပါတယ်။

ဒါပေမဲ့ မြစ်ကြီးနားမြို့မှာပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲ ၃ ကြိမ်ကိုသာ KNG က အတည်ပြုနိုင်ပြီး ကျန်တဲ့ ၄ ကြိမ်ကတော့ ဘယ်မြို့တွေမှာပြုလုပ်ခဲ့တယ်ဆိုတာကိုတော့အတည်မပြုနိုင်သေးပါဘူး။

ဒီလူထုတွေ့ဆုံဆွေးနွေးပွဲတွေမှာတော့ စစ်ကော်မရှင်ဘက်က မြစ်ဆုံစီမံကိန်းဆောက်လုပ်ဖြစ်ခဲ့ရင် မီးထိန်ထိန်လင်းပြီးစက်မှု ထွန်းကားတဲ့ ပြည်နယ်ဖြစ်ဖို့ ၊ ကောင်းကျိုး ဆိုးကျိုးတွေကိုခွဲခြားနိုင်ဖို့ စတဲ့အချက်တွေအပါအဝင် ဆည်ဆောက်လုပ်ခြင်းအားဖြင့် ကမ္ဘာတစ်ဝှမ်းကနိုင်ငံအချို့ ဘယ်လို တိုးတက်ဖွံ့ဖြိုးနေပြီဆိုတဲ့ အချက်တွေကို ဥပမာပေးပြီး မြစ်ဆုံဆည်ဖြစ်မြောက်ရေးလူထုနဲ့ တွေ့ပြီး စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

အခုဒီလူထုတွေ့ဆုံပွဲမှာက သူတို့လက်အောက်က တိုင်းရင်းသားရိုးရာယဥ်ကျေးမှုဌာနကလူတွေအားလုံးတက်ရတယ်။ မြစ်ကြီးနားမှာရှိတဲ့ သူတို့အောက်ကဌာနအားလုံးပေါ့လေ။ ထောက်ခံခံ မခံခံ တက်ကြတာပဲလေ လွန်ဆန်လို့မှမရဘဲကိုလို့မြစ်ကြီးနားမြို့က ရိုးရာယဥ်ကျေးမှုရုံးအဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့တဲ့ ဒီဧရာ၀တီမြစ်ဆုံ စီမံကိန်းရပ်နားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဧရာဝတီမြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း ကနဦးအမိန့်ကြေညာစာထုတ်ပြန်လာပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်ရဲ့ဒုခေါင်းဆောင် ဦးစိုးဝင်းရဲ့ ကချင်ပြည်နယ်ခရီးစဥ်မှာ ၈ ဒဿမ ၅ မဂ္ဂနီကျုထက်ခံနိုင်တဲ့ ဆည်ကြီးကို အရင်ကရည်ရွယ်ထားတဲ့ ဆည်အမြင့်ထက်နိမ့်ပြီး တည်ဆောက်မှာဖြစ်ကြောင်း၊ ထုတ်ပြော စည်းရုံးခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ပြန်လာပြီးနောက် မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ အကြား မြစ်ဆုံစီမံကိန်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ မန္တလေးမူဆယ်ရထားလမ်းစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီကထပ်မံထုတ်ပြန်လာပါတယ်။

မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက

သူတို့ဘယ်လောက်ပဲလုပ်မယ်ပြောပြော ကန့်ကွက်တာကတော့ အခုလည်းကန့်ကွက်တယ်။ နောက်လည်းကန့်ကွက် သွားမှာ။ ဖြစ်တဲ့နည်းနဲ့ ကာကွယ်သွားမှာပဲ။ ကန့်ကွက်တဲ့သူကို ဖမ်းမယ်ဆီးမယ်ပေါ့ ဒါကတော့ ခါတိုင်းလည်းပြောနေကျ ပါးစပ်စကား ပဲ။ ဖမ်းမယ်ဆီးမယ်လုပ်တာကလည်းအခုထိပဲ။ အခုလည်းလုပ်တဲ့သူကိုခြိမ်းခြောက်နေတာ။ ကြောက်ပြီးတော့ ဒီတိုင်းပဲ ထိုင်ကြည့်တော့မလား။ ဒါဆိုရင်ပိုပြီးဆိုးလာနိုင်တာပေါ့။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ်ဆက်လက်ပြီးတော့ကာကွယ်သွားမယ်လို့လို့ပြောပါတယ်။

မြစ်ဆုံစီမံကိန်းဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကစတင်ခဲ့တဲ့ Myitsone Dam Project ( မြစ်ဆုံရေကာတာစီမံကိန်းဟာ တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း( China Power Investment Corporation (CPI) နဲ့ မြန်မာအစိုးရ ဦးသန်းရွှေလက်ထက် ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ မြစ်ဆုံစီမံကိန်းအတွက် ခြေလှမ်းတွေဟာ အာဏာသိမ်းမှု ၅ နှစ် အကြာမှာ ပိုပြီးခပ်စိပ်စိပ်ဖြစ်လာတာကြောင့် နိုင်ငံတစ်ဝှမ်းကလူထုတွေရဲ့ မြစ်ဆုံစီမံကိန်းအပေါ်ကန့်ကွက်လှုပ်ရှားမှုတွေဟာ လည်း ဒုစစ်ခေါင်းဆောင် ဦးစိုးဝင်းရဲ့ပြီးခဲ့တဲ့ဒီဇင်ဘာလက ခရီးစဥ်နောက်ပိုင်း ခပ်စိပ်စိပ်တွေ့လာရတာပါ။

စစ်ကော်မရှင်ဘက်ကလည်း ဒီကန့်ကွက်မှုတွေကိုအရေးယူနိုင်ဖို့ရည်ရွယ်ပြီးတော့ နိုင်ငံတော်က အကောင်အထည်ဖော်လုပ်‌နေတဲ့ ကုမ္ပဏီ၊အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းမှန်သမျှကို အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွယ်တာမရှိဘဲ ကန့်ကွက်မှုတွေ ရှိကြောင်းတွေ့ရှိရင် သက်ဆိုင်ရာဥပဒေနဲ့အညီအရေးယူခံရမယ်လို့ ၂၀၂၅ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ဖွဲ့စည်းထားတဲ့ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း စီမံကိန်းဦးဆောင်အဖွဲ့ ကလည်း လက်ရှိမှာ မြစ်ကြီးနားမြို့တွင်း ပြည်သူလူထု၊ ဘာသာရေးခေါင်းဆောင်တချို့နဲ့ တွေ့ဆုံ စည်းဝေးတာတွေ လုပ်ဆောင်နေပြီး မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး စည်းရုံးပြောဆိုမှုတွေဆက်တိုက် လုပ်ဆောင်နေတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button