မြစ်ကြီးနား-မန္တလေးကားခ ခြောက်သိန်းထိရှိလာ
စက်သုံးဆီစျေးမြင့်တက်လာတဲ့အတွက် မြစ်ကြီးနား–မန္တလေးကားခ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) အထိစျေးမြင့်တက်သွားကြောင်း မြစ်ကြီးနားကားဂိတ်မှူးတွေပြောပါတယ်။
ကချင်ပြည်နယ်ထဲကိုပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေအားလုံး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီးရပ်နားထားသလို လတ်တလောမှာလည်း စက်သုံးဆီဈေးအဆမတန်မြင့်တက်လာတာကြောင့် ကားခတွေ ပုံမှန်ထက် တစ်ဆကျော်စျေးမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့မှ ဂိတ်မှူး(ကားဂိတ်)တစ်ဦးက KNG ကိုပြောပါတယ်။
“ဈေးနှုန်းက အံစာတုံး(အိမ္စီးကား အကြီး)ကတော့တစ်ယောက်ကို နှစ်သိန်းခွဲပါနောက်ပြီးတော့ လူလေးယောက်ပဲထိုင်လို့ရတဲ့ အိမ္စီးကား (AD Van)ကတော့တစ်ယောက်ကို ငါးသိန်းပါ ဒါပေမယ့်မန္တလေးကနေ မြစ်ကြီးနားအတက်ဆိုရင်တော့ခြောက်သိန်းပါဗျ။ ဈေးကတော့ပုံမှန်ထက်ကိုတစ်ဆတက်တယ်ပြောရမယ် ဆီဈေးကြောင့်ပါ”လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
လေကြောင်းလိုင်းတွေမရပ်နားမှီနဲ့စက်သုံးဆီစျေးမတက်ခင် မြစ်ကြီးနား – မန္တလေးလမ်းပိုင်း အံစာတုံးကားမှာ ခရီးသည်တစ်ဦး ကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲ)၊ AD Van ကားမှာ ခရီးသည်တစ်ဦးလျှင် ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) နဲ့ နှစ်သိန်းခွဲကြားသာရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ အံစာတုံးနဲ့ဆိုရင် ခရီးသည်တစ်ဦး ကျပ် ၂၅၀၀၀၀ (နှစ်သိန်းခွဲ )AD Van နဲ့ဆိုရင် ခရီးသည်တစ်ဦး ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း)အထိစျေးမြင့်တက်သွားကြောင်းသိရပါတယ်။

ခုလို အံစာတုံးကားနဲ့ AD Van ကားခ တစ်ဆကျော်ကွာဟနေတာနဲ့ပတ်သက်ပြီး ကားသမားတစ်ဦးက အခုလိုပြောပါတယ်။
“အံစာတုံးကေတာ့ လူလည်းများတယ် ပြီးတော့ AD Van လောက်မမြန်ဘူးစီးရတဲ့အရသာလည်းကွာတယ် မန္တလေးရောက်ရင်လည်းအိမ်အရောက်မပို့ပေးဘူး။ AD Van ကတော့ လူလေးလေးယောက်ပဲစီးလို့ရမယ် မြန်လည်းမြန်တယ် နောက်ပြီးမန္တလေးရောက်ရင်လည်း အိမ်အရောက်လိုက်ပို့ပါတယ် တခြားကားတွေက ဂိတ်မှာချပေးပြီးအဲ့ကနေတဆင့်အိမ်အထိ Taxi ငှား အိုးဝေပဲငှားလည်း ငါးသောင်း ခြောက်သောင်းကပေးရတယ်လေး”လို့ သူကပြောပါတယ်။
ဒါ့အပြင် လက်ရှိ မြစ်ကြီးနား မန္တလေးကြားထဲက စစ်ကိုင်းတိုင်း ကန့်ဘလူ၊ကောလင်းစတဲ့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေကြောင့် တစ်ခါတစ်လေ သုံးညအထိညအိပ်ခရီးသွားနေရကြောင်းသိရပါတယ်။
“လက်ရှိလမ်းကြောခြေနေက အာမခံလို့မရဘူးနော် လမ်းကြောကောင်းရင် တစ်ညအိပ်နဲ့ပဲရောက်ပါတယ် လမ်းကြောမကောင်းရင်တော့ သုံးညလောက်လမ်းမှာအိပ်ရတယ် ဒါကတော့ပုံမှန်ခြေနေပါအခုတလောမှမဟုတ်ဘူး ပုံမှန်ပဲ”လို့ မန္တလေး ကားဂိတ်တာဝန်ရှိအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
အခုလို စက်သုံးဆီဈေးမြင့်တက်လာတဲ့နောက် ခရီးသည်တွေရဲ့ကားခအပြင် နောက်ထပ်တန်ဆာခတွေလည်း တစ်ဆမြင့်တက်သွားကြောင်း မြစ်ကြီးနားမြိုခံမှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက KNG ကိုပြောပါတယ်။
“တန်ဆာခတက်တယ်ကြာပြီဈေးတွေစတက်ကတည်းကပဲ အရင် ငါးသောင်းပဲကျတဲ့ ဂျက်ဖာတစ်ခုကအခုကတစ်သိန်းပေးရတယ် အလေးချိန်လည်းအတူတူပဲ ဂျက်ဖာကလည်းအတူတူပဲ တန်ဆာခကတော့မတရားကိုတက်တယ်”လို့ သူကပြောပါတယ်။
စက်သုံးဆီစျေးတွေမြင့်တက်သွားပြီးနောက် မြစ်ကြီးနား မန္တလေးကြားကားခအပြင် ပူတာအို– မြစ်ကြီးနား ကားခလည်းတစ်ဆကျော်မြင့်တက်သွားတာလည်းဖြစ်ပါတယ်။
By – Zaw Zaw




