တိုက်ပွဲကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ရက်အကန့်အသတ်မရှိပိတ်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယအစိုးရက ရက်အကန့်အသတ်မရှိပိတ်ချ လိိုက်ပြီလို့ ဒေသခံတွေ KNG ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K ယုန်းအောင်အဖွဲ့က အိန္ဒိယ– မြန်မာနယ်စပ် နယ်စပ်မှတ်တိုင် ၁၇၂ မှာ နယ်စပ်လုံခြုံရေးယူနေတဲ့ Assam Rifelsတပ် (အိန္ဒိယစစ်တပ်ရဲ့ အရှေ့မြောက် ဘက်နယ်စပ်စောင့်တပ်)ကို ဝင်တိုက်ခိုက်တဲ့နောက် မတ်လ ၂၈ ရက်နေ့ကစပြီး အခုလိုပိတ်ချလိုက်တာလို့ ပန်ဆောင်မြို့ခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“လောလောဆယ်သွားလို့မရဘူးဗျ နယ်စပ်ဂိတ်ပိတ်ထားတယ် အိန္ဒိယဘက်ကပိတ်လိုက်တာ ဘယ်နေ့ပြန်ဖွင့်မလဲတော့မသိသေးဘူး”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးက ပြောပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပန်ဆောင်ဒေသဟာ မြန်မာပြည်မကြီးနဲ့အလှမ်းဝေးပြီးဝေးလံခေါင်ဖျားဒေသဖြစ်တာကြောင့် မြန်မာပြည်မဘက်ကနေ ကုန်စည်တွေတင်သွင်းဖို့လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဆေးဝါး၊ အခြေခံစားသောက်ကုန် လူသုံးကုန်ကအစ ပန်ဆောင်နယ်စပ်ဂိတ်ပေါက်တစ်ခုကိုပဲအားထားနေရတာဖြစ်ပါတယ်။
ဒါကြောင့် ပန်ဆောင်ဒေသတစ်ခုလုံးရဲ့တစ်ခုတည်းသော ကုန်စည်ဝင်ပေါက်ဖြစ်တဲ့ ဒီနယ်စပ်ဂိတ်ကို ရေရှည်ပိတ်ထားရင် ပန်ဆောင်ဒေသအတွက် ပိုခက်ခဲသွားနိုင်ကြောင်း ဒေသခံတွေ ကဆိုပါတယ်။
“ဆန်၊ဆီ၊စားကအစ ဆေးဝါးကုတာကအစပေါ့ ဒီနယ်စပ်ဝင်ပေါက်တစ်ခုပဲထဲကိုပဲအားကိုးနေရတာ ဒီဘက်ကလူတွေစားတဲ့ ဆားတို့၊ဆီတို့ နောက်ပြီးဆေးဝါးတွေကအစ အိန္ဒိယဘက်ကနေပဲဝယ်ရတာဟုတ်တယ် ဒါ့ကြောင့်ရေရှည်ပိတ်ရင်တော့ ဒါတွေက ခက်ခဲသွားမှာ”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ဟာ နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ကြား တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယဘက်က ပိတ်လိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ အိန္ဒိယ–မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီရဲ့ သဘောတူညီချက်နဲ့ ပြန်ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အိန္ဒိယ–မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာဖို့ အိန္ဒိယဘက်ကစတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။
ဒီနယ်စပ်ခြံစည်းရိုးကာနေတဲ့လုပ်ရပ်ကို နာဂပြည်သူလူထုနဲ့ NSCN-K ယုန်းအောင်တပ်တို့က အပြင်းအထန်ကန့်ကွက်နေကြပေမယ့် အိန္ဒိယအစိုးရက နာဂပြည်သူလူထုနဲ့ NSCN-K ယုန်းအောင်အဖွဲ့ကန့်ကွက်မှုကြားကနေ ခြံစည်းရိုးခတ်တာတွေအရှိန်အဟုန်မြင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေပြောပါတယ်။
ဒါကြောင့် သတိပေးတဲ့အနေနဲ့ မတ်လ ၂၆ ရက်နေ့မှာ နယ်စပ်ခြံစည်းရိုးလုံခြုံရေးယူနေတဲ့ အာဆမ်ရိုင်ဖယ်တပ်ကို NSCN-K ယုန်းအောင်းအဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ အာဆမ်စစ်သားသုံးဦးသေဆုံးခဲ့ပြီး နယ်စပ်ဂိတ်ကိုလည်း အိန္ဒိယဘက်က ပိတ်လိုက်တာဖြစ်ပါတယ်။
အိန္ဒိယ–မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာပါဝင်တဲ့ မြို့နယ်ခွဲ့အဆင့်မြို့ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ မြို့နယ်ခွဲအဆင့် သတ်မှတ်ထားတာဖြစ်ပါတယ်။
By – Zaw Zaw




