မြစ်ကြီးနားမှာ စက်သုံးဆီသိုလောင်တဲ့ဂိုဒေါင်မီးလောင်
မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက် ကရိန်နော်အပန်းဖြေစခန်းသွားရာလမ်းမကြီးနဘေးက စက်သုံးဆီသိုလှောင်တဲ့ဂိုဒေါင်နေရာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဧပြီလ ၈ ရက် ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်မှာ ဖြစ်စဥ်ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုမှာ စက်သုံးဆီသိုလှောင်တဲ့ ဂိုဒေါင်တိုက်အပါအဝင် နောက်ထပ်ဆီဘောက်ဇာကား ၃ စီးခန့်မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
ရွှေစက်ရပ်ကွက်နေဒေသခံတစ်ဦးကတော့ ဆီဘောက်ဇာကားကတစ်ဆင့်မီးလောင်တာဖြစ်နိုင်ကြောင်း ခုလိုသုံးသပ်ပါတယ်။
“မီးလောင်နေပြီဆိုပြီးတော့ သွားကူကြမယ်ဆိုပြီးသွားကြတာ။ ကားတွေလည်းမီးလောင်နေတာတွေ့ခဲ့တယ်။ အထဲထိလည်း ဝင်လို့မရတော့လေ။ အခုမြင်ရတဲ့ပုံစံကတော့ ဆီလှောင်ထားတဲ့နေရာကနေလောင်တဲ့ပုံစံမြင်တယ်။ မြင်တာကိုပြောတာပါ။ ပတ်ဝန်းကျင်ကိုတော့မထိပေမဲ့ အဲ့ဒီမီးလောင်တဲ့ဝန်းထဲကတိုက်ကတော့ အကုန်လုံးလောင်သွားပြီ”လို့ သုံးသပ်ပြောဆိုပါတယ်။

မီးသတ်ကား ၇ စီးခန့် လာရောက်ပြီး မီးငြိမ်းသတ်ခဲ့ရတဲ့အထိ မီးလောင်မှုဟာပြင်းထန်ခဲ့ပေမဲ့ လူတွေတော့ ထိခိုက်ဒဏ်ရာရရှိခြင်း တစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။
တစ်ဖက်မှာ မီးလောင်မှုပြင်းထန်ခဲ့ပေမဲ့လည်း ခြံဝန်းကိုအုတ်တံတိုင်း အမြင့်ခတ် ထားတဲ့အပြင် မြစ်ကြီးနားမြို့မှာ ဒီကနေ့ မိုးအနည်းငယ်ရွာနေတာကြောင့် တခြားသောနေအိမ်တွေအထိ မီးကူးစက်တာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
မြစ်ကြီးနားမြို့အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ နွေရာသီကာလအတွင်း အပူချိန်မြင့်တက်လာတာနဲ့အတူ မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ်ကို အထူးသတိပြုကြရန် တာဝန်ရှိသူများက သတိပေးထားပါတယ်။
လျှပ်စစ်ပစ္စည်းအသုံးပြုရင်လည်း လုံခြုံရေးစည်းမျဉ်းတွေကိုလိုက်နာပြီး မီးလောင်လွယ်တဲ့ပစ္စည်းတွေကို သေချာစွာ သိမ်းဆည်း ထားဖို့ လိုအပ်ကြောင်းလည်းအကြံပြုထားပါတယ်။
မီးလောင်မှုဖြစ်ပွားရင်တော့ အရေးပေါ်အဖွဲ့တွေဆီ ချက်ချင်းဆက်သွယ်ပြီး မီးဘေးကာကွယ်ရေးနည်းလမ်းများကို လိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
By – အမိုး




